ငဖဲမြို့၌ သီတင်းကျွတ်လပြည့်နေ့တွင် (၇၆) ကြိမ်မြောက် ပဝါရဏာပွဲ ကျင်းပ

ငဖဲ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့တွင် (၇၆) ကြိမ်မြောက် ပဝါရဏာပွဲကို ငဖဲမြို့ ကျောင်းတွင်းရပ်ကွက် ကုန်းမြင့်ရတနာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပဆောင်ရွက်ခဲ့ရာ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော် (၇၅)ပါးနှင့် မြို့ပေါ်ရပ်ကွက်များမှ ယုဝတီဝတ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသော ယုဝတီဝတ်အသင်းအဖွဲ့များက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကျောင်းတွင်းရပ်ကွက်မှ ယုဝတီဒေါ်ကြည်အေးက ဘုရားပင့်ဖိတ်ဆောင်ရွက်ပြီး အဘိဓမ္မာအခါတော်နေ့အကြောင်း လျှောက်တင်သံများကို ယုဝတီဝတ်အသင်းအဖွဲ့များက စုပေါင်းရွတ်ဆိုကြသည်။ ဆက်လက်၍ ချင်းစုရပ်ယုဝတီအဖွဲ့က အဘိဓမ္မာအခါတော်နေ့တေးထပ်ကိုလည်းကောင်း၊ အနောက်ပိုင်းယုဝတီအဖွဲ့မှ မျှော်ချင့်ပဏာကန်တော့လွှာကိုလည်းကောင်း ရွတ်ဖတ်ပူဇော်ပြီး ကွက်သစ်ရပ်ကွက် ယုဝတီဒေါ်စိုးစိုးသန်းက နတ်ဗြဟ္မာများကို ပင့်ဖိတ်လျှောက်ထားသည်။

ထို့နောက် ကုန်းမြင့်ရတနာဘုန်းတော်ကြီးကျောင်းဆရာတော် ဘဒ္ဒန္တဦးသောမစာရထံမှ ဝတ်အသင်းအဖွဲ့များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အဘိဓမ္မာအခါတော်နေ့ ကျင်းပရခြင်းအကြောင်း သိကောင်းစရာများကို ကွက်သစ်ရပ်ကွက်မှ ယုဝတီဒေါ်စိုးစိုးသန်းက ဖတ်ကြားလျှောက်ထားကာ အဘိဓမ္မာအခါတော်နေ့  အဘိဓမ္မာ (၇) ကျမ်းဖြစ်သည့် ဓမ္မသင်္ဂဏီကျမ်း၊ ဝိဘင်္ဂကျမ်း၊ ဓာတုကထာကျမ်း၊ ပုဂ္ဂလပညတ္တိကျမ်း၊ ကထာဝထ္ထူကျမ်း၊ ယမကကျမ်း နှင့် ပဌာနကျမ်း အမေး/ အဖြေကျူးရင့်သံများ/ အဘိဓမ္မာပါဠိတော်များကို ယုဝတီဝတ်အသင်းအဖွဲ့များမှ ကျမ်းစဉ်အလိုက် ရွတ်ဖတ်ပူဇော်ခဲ့ကြ၍  ဆရာတော်၊ သံဃာတော် (၇၅) ပါး တို့အား လှူဖွယ်ဝထ္ထူများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိတ္ထတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် ရဟန်းသံဃာတော်များနှင့်ဆိုင်သောပွဲတော်မှာ ပဝါရဏာပွဲတော် ဖြစ်သည်။ မိမိတို့ဝါဆိုကြသော ကျောင်းတိုက်နှင့် သိမ်၌ ပွဲတော်ကို နှစ်စဉ်ကျင်းပမြဲဖြစ်ရာ ပဝါရဏာဟူသော ပါဠိမှာ ဖိတ်ကြားခြင်း၊ တောင်းပန်တိုက်တွန်းခြင်းဟု အဓိပ္ပါယ်ရသည်။ ရဟန်းတော်အချင်းချင်း အပြန်အလှန်ဖိတ်ကြားသည် (ဝါ) တိုက်တွန်းတောင်းပန်သောပွဲဖြစ်သည်။ ရဟန်းတော်အချင်းချင်း အပြန်အလှန် ဖိတ်ကြားတိုက်တွန်းသောပွဲကို မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကပင် ရှိခဲ့သည်။ တစ်ပါးသောပုဂ္ဂိုလ်အပေါ်တွင်ဖြစ်စေ၊ မိမိအပေါ်တွင်ဖြစ်စေ တရားတော်နှင့်မလျော်ညီ၊ ဖီလာဖြစ်မှုများရှိခဲ့သော် အချင်းချင်း စုပေါင်းဝေဖန်ကြသောပွဲ၊ သုံးသပ်ကြသည့်ပွဲ၊ အမှားကို ပြုပြင်အမှန်ကို ဝေဖန်ကြသော ပွဲပင်ဖြစ်သည်။  ဗုဒ္ဓမြတ်စွာ၏ ပဝါရဏာပွဲတော်သည် သူတစ်ပါးတို့၏ ဝေဖန်ရေးကို အနူးအညွတ်ဖိတ်ခေါ်သောပွဲ ဖြစ်သည်။  သံဃာတော်အချင်းချင်း စည်းလုံးညီညွတ်ရေး၊ ပုဂ္ဂိုလ်သန့်စင်ရေး တရားများကို ရယူနိုင်ခဲ့ပြီး  နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့အောင် ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)