မကွေး အောက်တိုဘာ ၁၈
ဗုဒ္ဓဘာသာတို့၏ နေ့ထူနေ့မြတ်တစ်ရက်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ယနေ့ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရားစေတီ၊ ပုထိုးများနှင့် ဘုန်တော်ကြီးကျောင်းများသို့ ပြည်သူအများလာရောက်ကာ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းတရားတော်နှင့် ပရိတ်တရားတော်များ ရွက်ပွားပူဇော်ခြင်း၊ ယဉ်ကျေးမှုအစဉ်အလာမပျက် မီးထွန်းပွဲတော်များကို စိတ်အေးချမ်းသာစွာဖြင့် စည်ကားသိုက်မြိုက် ပျော်ရွှင်စွာဆင်နွှဲလျက်ရှိပြီး၊ မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် ယခင်နှစ်များနည်းတူ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး(၉၀၀၀)၊ ပန်း (၉၀၀၀)၊ နံ့သာ(၉၀၀၀)ထွန်းညှိကပ်လှူပူဇော်ခြင်းကို ကျင်းပဆောင်ရွက်ရာ မြသလွန်စေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကားများပြားလျက် ရှိသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီး(၉၀၀၀) ထွန်းညှိပူဇော်ပွဲကို ယနေ့ ညနေ ၆ နာရီက မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ အထူးစည်ကားလျက်ရှိပြီး၊ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိ ကပ်လှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦး၊ မကွေးလေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ်သန်းနိုင်ညွန့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ မြသလွန်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်၍ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်းတော်တွင် ရွက်ဖတ်ပူဇော်ခြင်းနှင့် ဆီမီး၊ ပန်းရေချမ်းကပ်လှူပြီး ဘုရားရင်ပြင်တော်တွင် ဆီမီးထွန်းညှိပူဇော်ကာ၊ စည်ကားသိုက်မြိုက်စွာဖြင့် ဘုရားဖူးလာပြည်သူများနှင့်အတူ မြသလွန်စေတီတော်မြတ်အား လှည့်လည်ဖူးမြှော်ကြည်ညိုခဲ့ကြသည်။
မကွေးမြို့တွင် မြသလွန်စေတီတော်မြတ်ကြီး ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လဆန်းပိုင်းမှ သီတင်းကျွတ်လပြည်ကျော်အထိ ဒေသစုံမှလာရောက်သည့် ဈေးရောင်း၊ ဈေးဝယ်များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများနှင့် စည်ကားသိုက်မြိုက်စွာဖြင့် ၂၀၁၉ ခုနှစ်ထိ အစဉ် အလာမပျက်ကျင်းပခဲ့ပြီး၊ ကိုဗစ် ၁၉ ရောဂါကြောင့် ရပ်နားထားရာမှ ယခင်နှစ်(၂၅၈၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ မြသလွန်ဘုရားပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပခဲ့ပြီး၊ ယခုနှစ် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်နှစ်များနည်းတူ သံဃာတော်များပင့်ဖိတ်၍ ဆွမ်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွက်ဖတ်ပူဇော်ခြင်း၊ ဆီမီး(၉၀၀၀)၊ ပန်း(၉၀၀၀)၊ နံ့သာ(၉၀၀၀) ထွန်းညှိကပ်လှူပူဇော်ခြင်းနှင့် ဆွမ်းဆန်တော် လောင်းလှူပူဇော်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်းနှင့် မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အစဉ်အလာမပျက် ၁၃၈၆ ခုနှစ် သီတင်းကျွတ်လဆန်း ၁၀ ရက်မှ သီတင်းကျွတ်လပြည့်ကျော် ၁၄ ရက်နေ့ထိ (၁၂-၁၀-၂၀၂၄) မှ (၃၁-၁၁-၂၀၂၄)ရက်နေ့အထိ (၂၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်ညီညာ