စစ်ကိုင်း အောက်တိုဘာ ၁၇
သီတင်းကျွတ်လပြည့်နေ့ စစ်ကိုင်းမြို့ရှိ သမိုင်းဝင်ရာဇမဏိကောင်းမှုတော် စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
“ဒီနှစ် သီတင်းကျွတ်လပြည့်နေ့ကတော့ ကောင်းမှုတော်မြတ်စွာဘုရားကြီးမှာ အထူးစည်ကားခဲ့တဲ့နှစ်လို့ ဆိုရပါ့မယ် ဘုရားဖူးပြည်သူတွေ စိတ်အေးချမ်းစွာ ဘုရားဖူးနိုင်အောင် ဘုရားဂေါပကအဖွဲ့များက စီမံဆောင်ရွက်ပေးထားပါတယ် ယာဉ်ကြီး/ ယာဉ်ငယ်တွေ ခွဲခြားပြီး သူ့နေရာနဲ့သူ ယာဉ်အန္တရာယ် မဖြစ်ပွားရအောင်၊ ဈေးသည်များလည်း စည်းကမ်းတကျ ရောင်းချနိုင်အောင် စီမံဆောင်ရွက်ပေးထားပါတယ် ညအိပ်ညနေ ဘုရားဖူးပြည်သူတွေကိုလည်း နေထိုင်ရေးအဆင်ပြေအောင် ဆောင်ရွက်ပေးပါတယ် ယခင်နှစ်တွေကတော့ ဒီနှစ်လောက် ဘုရားဖူး မများတာကို တွေ့ရပါတယ် ဒီနှစ်မှာတော့ တော်တော် လေးစည်ကားတာကို တွေ့ရပါတယ် ညနေစောင်းမှာလည်း ဒုတိယအကြိမ် ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ပေးသွားအုံးမှာပါ”ဟု ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနီတင်က ပြောပြသည်။
အလားတူ စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင်စေတီတော်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိရာ တောင်းဆင်းလမ်း တောင်တက်လမ်းများ ခွဲခြား၍ တာဝန်သိပြည်သူများက ယာဉ်အန္တရာယ် မဖြစ်ပွားရအောင် လမ်းကြောင်းပြသပေးခြင်းများ ကူညီဆောင်ရွက်ပေးနေလျက်ရှိကြောင်း ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌမှ ပြောပြ၍ သိရသည်။
ဇော်မြင့်နိုင်