တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲတက်ရောက်၊ မြိတ်တက္ကသိုလ်ဓမ္မာရုံ အချောသပ်လုပ်ငန်းများနှင့် ပင်မဆောင်သာယာလှပရေးဆောင်ရွက်မှုကြည့်ရှု

မြိတ်  အောက်တိုဘာ  ၁၇

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက မြိတ်မြို့ အထက(၁)ကျောင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့သည့် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျောင်းသား/သူလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ပြီး ကျောင်းသား/သူ(၂၀၀၀)ကျော် ပါဝင်နွှဲပျော်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲတွင် အထက(၁) ကျောင်းသား/သူများမှ  “ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့” တေးသီချင်းနှင့် ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်း ကျောင်းသား/သူများက “လူချွန်လူကောင်း” တေးသီချင်းတို့ဖြင့် သီဆိုသရုပ်ဖော် ဖျော်ဖြေဖွင့်လှစ်ခဲ့ကြသည်။

ထိုနောက် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အသိပညာ ဗဟုသုတရရှိရန်အတွက် အလွယ်ကူဆုံးသောအရာသည် စာဖတ်ခြင်းပင်ဖြစ်‌ကြောင်း၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုသုတကြွယ်ဝပြီး ဘဝတိုးတက်အောင်မြင်မှုကို ရရှိစေမည်ဖြစ်‌ကြောင်း၊ ကျောင်းသား/သူ လူငယ်မောင်မယ်များအနေနဲ့ မိမိအရွယ်နဲ့ သိသင့်သိအပ်တတ်သင့်တတ်အပ်တဲ့ ဗဟုသုတဉာဏ်ပညာတွေရှိနေအောင် စာကြိုးစားကြပါ။ စာပေများလေ့လာဖတ်ရှုကြပါလို့ မှာကြားလိုကြောင်း၊ ကျောင်းသား/သူများသည် အနာဂတ်နိုင်ငံတော်ရဲ့ တာဝန်ကို ထမ်းဆောင်ကြမယ့် မျိုးဆက်သစ် နိုင်ငံ့သားကောင်း သမီးကောင်းများဖြစ်ကြ၍ အရည်အချင်းရှိပြီး အသိပညာအတတ် ပညာပြည့်ဝကာ  နိုင်ငံ့တာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်မောင်မယ်များဖြစ်ကြသဖြင့် အသိပညာဗဟုသုတ ကြွယ်ဝစေရန် စာပေနှင့် ရင်းနှီးပြီး ဖတ်ရှုလေ့လာနိုင်စေရန်အတွက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်ပေးနေခြင်းဖြစ်‌ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၌ စာပေဟောပြောပေးသည့် စာ‌ရေးဆရာ(၂)ဦးအား ဂုဏ်ပြုဆု၊ စာပေစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/သူများတို့ကို ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက်  ကျပန်းစကား‌ပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သူတို့က ပြန်လည်၍ သရုပ်ပြခဲ့ကြပြီး ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်း ကျောင်းသား/သူများက "မလေးလက်ခတ်သံ" တေးသီချင်းနှင့် "မြိတ်မြို့ကဖိတ်ခေါ်ပါ၏" တေးသီချင်း၊ အထက(၃) ကျောင်းသား/သူများက "ရွှေမြန်မာ" တေးသီချင်း" နှင့် "ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို အောက်တိုဘာ(၁၄)ရက်မှ(၁၅)ရက်ထိကျင်းပခဲ့ပြီး စာအုပ်ပြပွဲ၊ စာပေအဆိုအမိန့်များ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံများ၊ ဗဟုသုတများတိုးပွားစေမည့် စာပေအသိ ပညာပေးပြခန်းများကို ပွဲတော်တက်ရောက်လာကြသူများနှင့် ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုမှတဆင့် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်တက္ကသိုလ်သို့ရောက်ရှိခဲ့ကြပြီး အလျား(၁၃၈)ပေ၊ အနံ(၄၆) ပေ၊ အမြင့်(၁၂)ပေရှိ RC တစ်ထပ် တက္ကသိုလ်ဓမ္မာရုံ၌ ဘာသာရေးနှင့် ပတ်သက်သည့်ပွဲတော်များ ခမ်းနားထည်ဝါ  စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် အချောသပ်တည်ဆောက်ရေးနှင့် ဓမ္မာရုံဝန်းကျင်သာယာလှပရေးလုပ်ငန်းများ၊ မြန်မာမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လိုက်လံကြည့်ရှုရာ ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က လိုက်လံရှင်းလင်းတင်ပြရာ  ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားပြီး  တက္ကသိုလ်ပင်မဆောင်အရှေ့ သာယာလှပရေးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)