မော်လမြိုင်ကျွန်း အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၉၃၂ ခုနှစ်ကစ၍ တည်ထားကိုးကွယ်လျက်ရှိသော နှစ်စဥ်နှစ်တိုင်းစည်းကာသိုက်မြိုင် စွာကျင်းပသော တာဝတိံသာမြတ်စွာဘုရားကြီး၏ (၉၂) ကြိမ်မြောက် ဝါကျွတ်သဘင်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ (၅) အချိန်က အမှတ် (၄) ရပ်ကွက်၊ အောင်ဇေယျလမ်းမပေါ်ရှိ တာဝတိံသာမြတ်စွာ ဘုရားကြီးရှေ့၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက သာသနာ့အလံအား အလံတိုင်ထိပ်သို့ လွင့်တင်ကာ ဆက်လက်၍ တာဝတိံသာမြတ်စွာဘုရားကြီး၏ (၉၂) ကြိမ်မြောက် ဝါကျွတ်သဘင်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ထွေး၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင်(၂) ဦးတင်လှိုင်၊ အဖွဲ့ဝင်(၃) ဦးစောဝဏ္ဏ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖ ဒေါက်တာလှဟန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဘုရားဂေါပကအဖွဲ့များက အထက်ရင်ပြင်ပေါ်သို့တက်ရောက်၍ တာဝတိံသာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ဆီးမီး၊ နံ့သာတိုင်များ ဖူးမြော်ပူဇော်ကန်တော့ကာ တာဝတိံသာမြတ်စွာဘုရားပေါ်ရှိ သမိုင်းဝင်ဗုဒ္ဓဝင်ပြတိုက်နှင့် မော်လမြိုင်ကျွန်းမြို့နယ်၌ တည်ထောင်ထားသော မင်္ဂလာဆိုင်း "ထက်ကိုကို"တို့မှ ကပြဖျော်ဖြေပေး အကအလှများကိုလည်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ ဝါကျွတ်သဘင်ပွဲတော်ကို သီတင်းကျွတ်လဆန်း (၄) ရက်နေ့မှ သီတင်းကျွတ် လဆုတ် (၁) ရက်နေ့အထိ (၃) ရက်တိုင်တိုင် စည်းကာသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)