သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)တွင် ပဲခူးမြို့ရှိ ဘုရားစေတီများ၌ ကုသိုလ်ဒါန ပြုကြသူများဖြင့် စည်ကားလျက်ရှိ

ပဲခူး အောက်တိုဘာ ၁၇

သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာနတ် လူသုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊  လောကဝိဝရဏ တန်ခိုးတော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ်ထူး ဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။

အဆိုပါ နေ့ထူးနေ့မြတ်တွင် ပဲခူးမြို့ရှိ ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ ကျိုက်ပညာယျစေတီတော်မြတ်ကြီး၊ မဟာစေတီတော်မြတ်ကြီး၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ ကျိုက်ပွန်ဘုရား၊ ဟင်္သာကုန်းဘုရား၊ ရွှေဂူကြီးဘုရား၊ ရွှေဂူလေးဘုရား၊ တို့တွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင်ဒေသများမှ ဘုရားဖူးလာရောက်ကြသူများသည် ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ပန်း၊ ဆီမီး၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း စသည့်ကုသိုလ်ပြုမှုများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)