သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မုံရွာမြို့ တန်ခိုးကြီးဘုရားများ၌ ဘုရားဖူးလာပြည်သူများဖြင့် အထူးစည်ကား

မုံရွာ အောက်တိုဘာ ၁၇

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ပင်ဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံစေတီ‌တော်မြတ်ကြီးနှင့် အခြားသော တန်ခိုးကြီးဘုရားစေတီများတွင် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူသောနေ့ ဖြစ်သောကြောင့် “အဘိဓမ္မာအခါတော်နေ့” ဟု ခေါ်ဆိုကြခြင်းဖြစ်ပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့များကဲ့သို့ပင် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ကြောင်း၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် အသိအမှတ်ပြုကြ ကြောင်း၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးများထွန်းညှိပူဇော်ပွဲများကို ဘုရားစေတီများနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာနေရာများတွင် ဆင်ယင်ကျင်းပခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုနှင့်အတူ မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးနှင့် ဆုတောင်းပြည့်စေတီတော်တို့တွင် ယနေ့ညနေပိုင်း၌ ဆီမီးပူဇော်ပွဲများ၊ စတုဒိသာကျွေး မွေးခြင်းများဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး အလားတူ မုံရွာမြို့ ကန်သာယာ ရာပြည့်ကပ်ကျော်စေတီတော်မြတ်ကြီး ဘုရားပုရဝုဏ်တွင်လည်း စတုဒိသာကျွေးမွေးခြင်းနှင့်အတူ မီးပုံးပျံလွှတ်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)