မိုးညိုမြို့နယ်၌ (၇၆) ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ ပူဇာသဘင်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနား ကျင်းပ

မိုးညို အောက်တိုဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ရွှေပြည်သာရပ်ကွက်ရှိ ဗုဒ္ဓမြတ်စွယ်တော်ကျွန်းကျောင်းတိုက် ဓမ္မာရုံတွင် ၁၃၈၆ ခုနှစ်၊ သတင်းကျွတ်လပြည့်နေ့ (၇၆) ကြိမ်မြောက် အဘိဓမ္မာအခါတော်နေ့ပူဇာသဘင်ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တတေဇဝန္တ အရှင်သူမြတ်ထံမှ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော သီလတော်မြတ်ကိုခံယူဆောက်တည်ခြင်းနှင့် အဘိဓမ္မာအခါတော်နေ့ဆိုင်ရာ သိသင့်သိထိုက်သည့်များကို ဟောကြားတော်မူခဲ့သည်။ ဆက်လက်၍ အဘိဓမ္မာပြန့်ပွားရေးအသင်းမှ လူကြီးမင်းတစ်ဦးက အဘိဓမ္မာအခါတော်နေ့ ရွတ်ဖတ်ပူဇော်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ဩဝါဒါစရိယဆရာတော်မှ နိဂုံးချုပ်သာဓုအနုမောဒနာ မွတ်ကြားသည်။ 

ထို့နောက် အဘိဓမ္မာရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနိုးဆော်လွှာကို အဘိဓမ္မာအသင်းသူတစ်ဦးက ရွတ်ဖတ်ပူဇော်ရန် တိုက်တွန်းနိုးဆော်ပြီး အလှည့်ကျအဘိဓမ္မာအသင်းမှ စတင်၍ ရွတ်ဖတ်ကာ  အသင်း(၂၂) သင်းတို့က အလှည့်ကျ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)