တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ်   အောက်တိုဘာ  ၁၇

ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပြတ် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို ယနေ့နံနက် ၄ နာရီက ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ရှေးရိုးရာအစဉ်အလာအတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အရှင်ဥပဂုတ္ထမထေရ်မြတ်အား ရည်စူး၍ ဆီမီးထွန်းညှိပူဇော်ကာ ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်အား ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက မီးပုံးပျံအလုံးရေ(၅၀၀)လုံးအား တစ်ညီတစ်ညွတ်တည်း လွှတ်တင်ပူဇော်ခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှင်ဥပဂုတ္ထမထေရ်မြတ်အား သပိတ်မျှော၍ ဆွမ်းဆက်ကပ် ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံပြည်သူများက ထားဝယ်ရိုးရာ သပိတ်မျှောမုခ်ဦးမှစ၍ အကွေ့များပါသော ဝင်္ကပါကို ပျှော်ရွှင်စွာဖြတ်ကျော်ကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ယူခဲ့ကြသည်။

သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီးစေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲလာရောက်ကြည့်ရှုသူများကို စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံအငယ်လွှတ်တင်ခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲအက၊ ထားဝယ်ရိုးရာအကအလှပဒေသာများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခြင်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြသည်။

သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီးတံခွန်၊ ကုက္ကားများစိုက်ထူ၍ဆီးမီးများ ထွန်းညှိကာ သပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်း ကင်းဝေးလွတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင် သပိတ်မျှောပွဲတော် ကိုကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ဝါလကင်းလွတ်သီတင်းကျွတ်သည်နှင့် ဒေသအလိုက် ရိုးရာအစဉ်အလာမပြတ် ပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင်ရှိသော ထေရဝါဒဗုဒ္ဓဘာသာဝင်များက တောင်သမုဒ္ဒရာ၌ စံနေတော်မူသော အရှင်ဥပဂုတ္ထမထေရ်မြတ်အား ရည်စူး၍ သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိပြီး သပိတ်မျှောပွဲကို ထားဝယ်မင်းများ လက်ထက်မှစတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့တိုင် ထားဝယ်ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုအနေဖြင့် တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

သပိတ်မျှောပွဲကို နံနက် ၄ နာရီမှစ၍ နံနက် ၆ နာရီအထိ ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှောကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)