ပုသိမ် အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်-ချောင်းသာကားလမ်း မျက်ကွယ်ကွေ့များအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်-ချောင်းသာကားလမ်း မိုင်(၁၇/၃မှ ၁၉/၀) အတွင်းရှိ မျက်ကွယ်ကွေ့(၃၃၆၀)ပေအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်း ဆောင်ရွက်နေမှုများကိုလည်းကောင်း၊ မိုင်(၁၉/၄ မှ ၂၂/၂)အတွင်းရှိ မျက်ကွယ်ကွေ့(၁၇၆၅)ပေအား Sight Distance ရရှိစေရန်အတွက် ဖြတ်မြေလုပ်ငန်းဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရေးနှင့် ယခုသီတင်းကျွတ်ကာလ ချောင်းသာကမ်းခြေ အပန်းဖြေလာရောက်သည့် ခရီးသွားယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပုသိမ်လေယာဉ်ကွင်းအား တိုးချဲ့၍ ခရီးသည်တင်လေယာဉ်များ ပြေးဆွဲနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်၍ ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်လာတော့မည်ဖြစ်ရာ မြို့၊ ရွာ၊ ကားလမ်းတစ်လျှောက် သန့်ရှင်းရေး၊ ဟိုတယ်ဇုန်များသန့်ရှင်းရေး၊ ကမ်းခြေသာယာလှပရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းပြည်ပခရီးသွားများအတွက် ဟိုတယ်နှင့်တည်းခိုခန်းများအနေဖြင့် ဆွဲဆောင်မှုကောင်းကောင်း ကြော်ငြာအားကောင်းကောင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ပရိုမိုးရှင်းများဖြင့်လည်း ဆွဲဆောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမ်းခြေဒေသများသို့ သွားလာလည်ပတ်နိုင်ရန် လေယာဉ်လမ်းကြောင်း တစ်ခုပြေးဆွဲနိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးစဉ်သစ်များ ဖော်ထုတ် နိုင်ရေးကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ရေရှည်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါကြောင်း၊ လေယာဉ်ခရီးစဉ်ပြေးဆွဲရာတွင် ပြည်တွင်းခရီးသွားများသာမက ပြည်ပခရီးသွားများဝင်ရောက်နိုင်ရေးအတွက်လည်း မျှော်မှန်းထားပါကြောင်းနှင့် ခရီးသွား လုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးကတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။ ထို့နောက် ငွေဆောင်ဟိုတယ်ဇုန်နှင့် ချောင်းသာ ဟိုတယ်ဇုန်တို့မှ တာဝန်ရှိသူများ၊ ဟိုတယ်နှင့်တည်းခိုခန်းလုပ်ငန်းရှင်များက လေယာဉ်ခရီးစဉ်ပြေးဆွဲပေးရာတွင် ခရီးသွားပြည်သူများအား သတင်းအချက်အလက်ပေးနိုင်ရေး၊ လေယာဉ်လက်မှတ်များ ရောင်းချနိုင်ရေး၊ သတင်းအချက်အလက်အသေးစိပ်ပေးနိုင်ရေးနှင့် ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှု အခြေအနေကိစ္စရပ်များကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက လေယာဉ်ခရီးစဉ်များ ရက်အလိုက်ပြေးဆွဲနိုင်ရေးနှင့် ခရီးသည်များအတွက် ပရိုမိုးရှင်းပေးနိုင်ရေးဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးက ခရီးသွားလုပ်ငန်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကိုလည်းကောင်း၊ အစည်းအဝေးသို့တက်ရောက် လာသူများ၏ ပုသိမ်လေဆိပ်သို့ လေယာဉ်ခရီးစဉ်ဖြင့် ရောက်ရှိလာမည့်ခရီးသည်များအတွက် ပို့ဆောင်မည့် မော်တော်ယာဉ်များစီစဉ်ထားရှိမှု၊ လုံခြုံရေးကိစ္စရပ်များ၊ ကြိုဆိုရေးနှင့် အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကိုဖြည့်စွက်ဆွေးနွေးခဲ့ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ ရွှေပုသိမ်ဧည့်ရိပ်သာ၌ မြို့ပေါ်ရှိ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံခဲ့သည်။ ယင်းကဲ့သို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီး တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ တိုင်းဒေသကြီးအတွင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်မြို့ကန်သုံးဆင့်ပန်းခြံအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်လေဆိပ်သို့ ခရီးသည်လေယာဉ်များ စတင်ပျံသန်းပြေးဆွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ပုသိမ်အဆင့်မြင့်ရေကူးကန် ဖွင့်လှစ်နိုင်မှုအခြေအနေများနှင့် မျိုးဆက်သစ်အားကစားသမားမွေးထုတ် သင်ကြားပေးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ အားကစားသိပ္ပံဆောက်လုပ်နေပြီဖြစ်၍ မျိုးဆက်သစ်ကစားသမားများပေါ်ထွက်လာစေရေး ဆောင်ရွက်မည့်ကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူမှုအခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME)များဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းဒေသကြီးတည်ငြိမ်အေးချမ်းသာယာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကိစ္စရပ်များအား ပြောကြားဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့မိမြို့ဖများက ငါးဖမ်းလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ၊ ဆားလုပ်ငန်းများအတွက် စက်သုံးဆီဝယ်ယူခွင့်ရရှိနိုင်ရေးကိစ္စရပ်များ၊ ကန်ဆုံးဆင့်ရေကန်သာယာလှပရေးကိစ္စရပ်များ၊ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)