ဝါးခယ်မမြို့နယ်တွင် သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့၌ ဘုရားဖူးလာသူများဖြင့် စည်ကား

ဝါးခယ်မ အောက်တိုဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ ညနေပိုင်းမှ စတင်ပြီး ဘုရားဖူးလာပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဘုရားဖူးလာပြည်သူများက ဘုရား၊ စေတီ၊ ပုထိုးဝန်းအတွင်း ပန်း၊ ဆီမီး၊ ရေချမ်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်၊ ရွှေသင်္ကန်း၊ သစ်သီးဆွမ်းများ စသည့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းလျက်ရှိသည်။ ဝါးခယ်မမြို့နယ်၌ သီတင်းကျွတ်လဆန်း (၁၄) ရက်နေ့ ညပိုင်းတွင် အဆို၊ အတီး၊ အကဝိုင်းများဖြင့်လည်း စည်ကားလျက်ရှိပြီး သီတင်းကျွတ် လပြည့်ညတွင် သကျမဟာသီရိမြတ်စွာဘုရားကြီး၌ (၁၁၀) ကြိမ်မြောက် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် ရွှေသင်္ကန်းကပ်လှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)