ကျိုက်ဒုံမြို့တွင် စားသောက်ဆိုင်များ ဆိုင်ထိုင်စားသောက်ခွင့် ရရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး

ကျိုက်ဒုံ နိုဝင်ဘာ ၂၄

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ယမန်နေ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၊ စည်ပင်ဦးစီးမှူး ဦးသန့်ဇော်၊ ဒုရဲအုပ် ဖြိုးမင်းဟန်တို့ ပူးပေါင်းပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးအတွက် မြို့ပေါ် ရပ်ကွက်များတွင် စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ဆိုင်ထိုင်ရောင်းချခွင့်ရရှိရေး ဆောင်ရွက် ထားရှိမှု ရှိ/ မရှိ ကွင်းဆင်း စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၌ လက်ဆေးဘေစင်များနှင့် လက်ဆေးဆပ်ပြာများ စနစ်တကျထားရှိမှု ရှိ၊ မရှိ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ အကွာ နေထိုင်စေခြင်းနှင့် ဆိုင်ရှင်များကိုယ်တိုင် Face Shield များ၊ နှာခေါင်းစည်းများနှင့် လက်အိတ်များစွပ်ပြီး ရောင်းချရေး စစ်ဆေးပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 သန်းထွန်းနိုင်(ပြန်/ဆက်)