၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေး

ရွှေတောင် အောက်တိုဘာ  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ သရက်တောရပ်ကွက်၊ မြို့နယ်အားကစားကွင်း၌ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားနည်းနှင့် ခရစ်ကက်အားကစားနည်းများမှ အုပ်ချုပ်၊ နည်းပြနှင့် အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေအား ယမန်နေ့ နံနက်ပိုင်းက ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်တို့သည် တာဝန်ရှိသူများလိုက်ပါ၍ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်တို့သည် အားကစားသမားများ၏ စခန်းသွင်းလေ့ကျင့်နေမှုအား ကြည့်ရှုစစ်ဆေးရာ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြမြခိုင်နှင့် ရွှေတောင်မြို့နယ်ဦးစီးမှူး ဒေါ်ခင်နုနုဖြိုးတို့က ပဲခူးတိုင်းဒေသကြီး ကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားသမား ကျား (၁၈)ဦး၊ မ(၁၂)ဦး၊ အုပ်ချုပ်/နည်းပြ (၆)ဦးဖြင့်လည်းကောင်း၊ ခရစ်ကက်အားကစားသမား ကျား(၂၀)ဦး၊ မ(၂၀)ဦး၊ အုပ်ချုပ်/နည်းပြ (၆)ဦး စုစုပေါင်း (၈၂)ဦးတို့အား အောက်တိုဘာလ(၁၀)ရက်နေ့မှစ၍ နိုဝင်ဘာလ (၃၁)ရက်နေ့အထိ ရက်ပေါင်း (၅၀) စခန်းသွင်း လေ့ကျင့်ပေးနေမှု အခြေအနေအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အားကစားသမားများအတွက် စားသောက်နေထိုင်မှု အဆင်ပြေစေရေးအတွက် လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အားကစားသမားများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ တည်းခိုနေထိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားလိုအပ်ချက်များ အပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)