မင်းလှမြို့တွင် ဝါထွက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မင်းလှ အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌ နှစ်စဉ်ကျင်းပသော ဝါထွက်ဆွမ်း ဆန်စိမ်းလောင်းလှူပွဲကို ယနေ့နေ့လယ် ၁ နာရီကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ဘုရားအမှူးပြု၍မြို့‌ပေါ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း စုစုပေါင်း (၃၃)ကျောင်းမှ သံဃာတော်၊ သီလရှင်များ ကြွရောက်အလှူခံတော်မှုခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်လင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စေတနာရှင်များက ဆွမ်းဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ ခေါက်ဆွဲခြောက်ထုပ် စသည့်လှူဖွယ်ပစ္စည်းများကို လောင်းလှူပေးခဲ့ကြသည်။

ထို့နောက် သံဃာတော်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်၍ ဆွမ်းဆန်စိမ်း အလှူခံတော်မူရာ ရပ်ကွက်နေ စေတနာရှင်ပြည်သူများက ဆွမ်းဆန်နှင့် အခြားလှူဖွယ်ပစ္စည်းများကို စေတနာထက်သန်စွာ လောင်းလှူပေးခဲ့‌ကြောင်း သိရသည်။

ပေါက်စ(မင်းလှ)