ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲနှင့် ခရစ်ကတ်ပြိုင်ပွဲကျင်းပ

ဘားအံ အောက်တိုဘာ ၁၆

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို ကရင်ပြည်နယ် အမျိုးသား/ အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ သီရိကွင်းရှေ့၌ ကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ အမျိုးသား ၁၄၆ ဦး၊ အမျိုးသမီး ၆၀ ဦး စုစုပေါင်း ၂၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။

ထို့နောက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ပြိုင်ပွဲအား တာလွတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမားများက ဘားအံမြို့၊ သီရိလမ်းမှ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ ဘားအံ-အိန္ဒုလမ်း၊ လှာကဒေါင်နဒုက္ခသုခံ မြို့ရှောင်လမ်း၊ ဆင်ဖြူတော်လေးစီးနှင့်ဖားစည်အဝိုင်း၊ ဘားအံ-ထုံးအိုင်လမ်း၊ ကမ်းနားလမ်း၊ ပိတောက်လမ်းမှတစ်ဆင့် တာလွတ်ရာနေရာ သီရိကွင်းအရှေ့ (မိုင်အားဖြင့် ၁၃ မိုင်၊ ၂၁ ဒဿမ ၈၄ ကီလိုမီတာ) သို့ ပြန်လည်ပန်းဝင်ခဲ့ကြပြီး လမ်းခရီးတစ်လျှောက်တွင် ဒေသခံပြည်သူများက အားကစားသမားများအား လန်းဆန်းအမောပြေစေရန် ရေနှင့်အားဖြည့်အချိုရည်ကို ဝေငှပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများ၏ ယှဉ်ပြိုင်နေမှုများကို ဘားအံမြို့ရှောင်လမ်းတွင်လည်းကောင်း၊ ဘားအံမြို့ဝင်မုခ်ဦးတွင်လည်းကောင်း၊ ပြန်လည်ပန်းဝင်ရာသီရိကွင်းရှေ့၌လည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက အမျိုးသမီးပြိုင်ပွဲ နှစ်သိမ့်ဆု ၆ မှ ၂၅ ထိ ရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲ စတုတ္ထ၊ ပဉ္စမနှင့် နှစ်သိမ့်ဆု ၆ မှ ၂၅ ထိ ရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးပြိုင်ပွဲ ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများကိုလည်းကောင်း အသီးသီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အထူးဆုရရှိကြသူများနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလားတူ ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်အကြို ကရင်ပြည်နယ် အမျိုးသား/ အမျိုးသမီး ခရစ်ကတ်လူရွေးချယ်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ ကျင်းပရာ အမျိုးသားခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရစ်ကတ်အားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ခရစ်ကတ်အသင်းက အနိုင်ရ ဗိုလ်စွဲခဲ့သည်။

အဆိုပါ ခရစ်ကတ်ပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ အမျိုးသား (၁၀) သင်း၊ အမျိုးသမီး (၁၀) သင်းတို့က အောက်တိုဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်ပြည်နယ် ခရစ်ကတ်အားကစားဆပ်ကော်မတီဥက္ကဋ္ဌက နည်းပြ/ ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား၊အမျိုးသမီး နှစ်သိမ့်ဆုရခရစ်ကတ်အသင်းများ၊ ဒုတိယနှင့်တတိယဆုရအသင်းများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းအသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ခရစ်ကတ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)