တောင်ငူ၌ သြဝါဒစရိယဆရာတော်ကြီးများအား သီတင်းကျွတ်ပူဇော်ကန်တော့ပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ

တောင်ငူ အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂန္တဝင်ကိုးခန်းသိမ်တော်မြတ်ကြီး၌ ယနေ့နံနက်ပိုင်းက သြဝါဒစရိယ ဆရာတော်ကြီးများအား သီတင်းကျွတ်ပူဇော်ကန်တော့ပွဲနှင့် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်သိုက် ဦးဆောင်သော ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြပြီး၊ ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။

ထို့နောက် တောင်ငူမြို့၊ ကြာနီကန်စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသူရိယမဟာထေရ် အရှင်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား၊ အဖွဲ့ဝင် ( ၂ ) ဦးယဥ်ဌေးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ဆက်လက်၍ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ သြဝါဒစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြပြီး၊ သြဝါဒစရိယဆရာတော်ကြီးများထံမှ သြဝါဒများ ခံယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှဝေခဲ့ကြပြီး၊ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)