သဲကုန်း အောက်တိုဘာ ၁၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့ အခြေခံပညာအထက်တန်း (သဲကုန်း) တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများမှ ဆောင်ရွက်သော (၄၂) ကြိမ်မြောက် မြတ်ဆရာအာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါကျောင်းရှိ သာဓုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အ.ထ.က (သဲကုန်း) မှ ကျောင်းသား/ ကျောင်းသူများက မြတ်ဆရာ တေးသီချင်းဖြင့် သီဆိုပူဇော်ကန်တော့၍ အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဆရာမကြီး ဒေါ်သိန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးတို့အား လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကျောင်းအုပ်ဆရာကြီး ဦးတင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်အေးတို့မှ ဆုံးမဩဝါဒစကားများ အသီးသီး ချီးမြှင့်ပြောကြားခဲ့သည်။
အဆိုပါ (၄၂) ကြိမ်မြောက် အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားသို့ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းမိသားစုများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုံညီစွာ တက်ရောက်ဂါရဝပြု ကန်တော့ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)