တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၌ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်နှင့်မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ရေကူးပြိုင်ပွဲ ဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ တက်‌ရောက်

ပုသိမ် အောက်တိုဘာ ၁၆

ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်နှင့်မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ရေကူးပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပုသိမ်မြို့၊ အဆင့်မြင့်ရေကူးကန်တွင် ကျင်းပခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယနေ့တွင် ပုသိမ်မြို့၊ အဆင့်မြင့်ရေကူးကန်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် မင်္ဂလာရှိသည့်နေ့ဟု ပြောရမည်ဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သည့် ခရိုင်နှင့် မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ရေကူးပြိုင်ပွဲသည် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းလည်း ဖြစ်ပါကြောင်း၊ အဆင့်မြင့်ရေကူးကန်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ရေကူးကန်၌ နည်းပြများဖြင့် စနစ်တကျလေ့ကျင့်နိုင်မည့် အခွင့်အရေးများ ရရှိလာပြီဖြစ်ပါကြောင်း၊ လာမည့်ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင်လည်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင်၍ ထိုက်ထိုက်တန်တန် ဆုများရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်နှင့်မြို့နယ်ပေါင်းစုံ ဖိတ်ခေါ်ရေကူးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ်စစ်တီးဝိုင်းအဖွဲ့၊ ပန်းပွားအကအဖွဲ့နှင့် အေရိုးဗစ်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်ကြောင်းမှူး ဦးဆောင်သည့် ပြိုင်ပွဲဝင် အသင်းများက အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄) ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရေကူးအားကစားနည်း ဒိုင်ဗင်ထိုးသရုပ်ပြသခြင်းများနှင့် ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ အမျိုးသမီး မီတာ(၅၀)အလွတ်ကူးပြိုင်ပွဲနှင့် ပက်လက်ကူးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို လူမှုရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ အမျိုးသမီးမီတာ (၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲနှင့် မီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဥပဒေချုပ်ကလည်းကောင်း၊ အမျိုးသားမီတာ (၅၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ အမျိုးသားမီတာ (၅၀) ပက်လက်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားမီတာ (၅၀) ရင်ဘောင်တန်းကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားမီတာ (၁၀၀) ပက်လက်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ အမျိုးသားမီတာ (၁၀၀) ရင်ဘောင်တန်း ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အမျိုးသမီးမီတာ (၁၀၀) ရင်ဘောင်တန်းကူးပြိုင်ပွဲနှင့် အလွတ်ကူးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  အမျိုးသားမီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုတံဆိပ်များနှင့် ငွေသားဆုများကိုလည်း‌ကောင်း၊ သရုပ်ပြသခဲ့သော ဒိုင်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်း‌ကောင်း၊ တံခွန်စိုက်ဆုဖလားရရှိသော မြောင်းမြခရိုင်အား ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အမှတ် (၁) ရပ်ကွက် ကိုးသောင်းလမ်း၊ စဉ့်အိုးဖိုလမ်း၊ အမှတ် (၃) ရပ်ကွက် ဦးပုညလမ်းတို့၌ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက Tablet များဖြင့် တစ်အိမ်တက်ဆင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အချက်အလက်များ မှန်ကန်စွာရေးသွင်းစေရေး၊ ပြည်သူများကလည်း မေးမြန်းချက်များအား ပြည့်စုံမှန်ကန်စွာ ဖြေကြားပေးနိုင်ရေး၊ ကောက်ကွက်များ မကျန်ရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)