တောင်တွင်းကြီးမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ကောက်ယူပြီးစီး

တောင်တွင်းကြီး အောက်တိုဘာ ၁၆

နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများ ချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို  ရရှိစေရန် ရည်ရွယ်၍  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းစဉ်များကို အောက်တိုဘာ (၁)ရက်နေ့မှ စ၍ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက်များနှင့်  ကျေးရွာအုပ်စုများတွင် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၅)ရက်နေ့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုများ အောင်မြင်စွာ ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ မြို့နယ် လဝကဦးစီးမှူး ဦးဟိန်းဇော်မင်းတို့က ကြီးကြပ်၍  ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ မြို့ပေါ် (၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၂)အုပ်စု၊ ကျေးရွာပေါင်း (၂၈၆)ရွာတွင် ကောက်ကွက် (၆၀၅)ကွက်ဖြင့် စာရင်းစစ်၊ စာရင်းကောက် (၂၁၉)ဦးနှင့် ပူးပေါင်းအဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာအလိုက် လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာ  ရရှိစေရေးအတွက် အိမ်ထောင်စုများ၏ လူဦးရေအချက်အလက်များနှင့် အိမ်အကြောင်းအရာများကို အချက်(၆၈)ချက်ပါ မေးမြန်းချက်များဖြင့် လည်းကောင်း၊ အဖွဲ့အစည်းများကို အချက် (၁၈) ချက်များဖြင့် လည်းကောင်း၊ CAPI နည်းပညာဖြင့် Mobile Tabletများ အသုံးပြု၍ တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ (၁၅)ရက်နေ့အထိ အိမ်ထောင်စု (၆၂၆၂၅)စု၊ လူဦးရေ (၂၂၉၀၈၉)ဦးတို့အား လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ ကောက်ယူပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)