တောင်တွင်းကြီး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ သီတင်းကျွတ်အခါသမယ ဆီမီးထွန်းညှိပူဇော်ရန်အတွက် ဒေသထွက်ဆီမီးခွက်များနှင့် မီးပုံးများ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
သီတင်းကျွတ်အခါသမယ ဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ရန်အတွက် ဆီမီးခွက်များကို တောင်တွင်းကြီးမြို့မြို့မဈေးကြီးတွင် ရောင်းချလျက်ရှိပြီး ဆီမီးခွက်များကို တောင်တွင်းကြီးမြို့ မိရိုးဖလာ အိုးလုပ်ငန်းလုပ်ကိုင်ကြသည့် ကုက္ကိုခွကျေးရွာ၊ ဂျုတ်ကုန်းကျေးရွာနှင့် ရခိုင်စုကျေးရွာတို့မှ လုပ်ကိုင်ကြကြောင်း၊ အဆိုပါ အိုးလုပ်ငန်းလုပ်ကိုင်ကြသူများမှတဆင့် မြို့မဈေးကြီးအတွင်း အိုးရောင်းချသူများက ဖောက်သည်ဝယ်ယူ၍ တစ်ဆင့်ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း၊ မီးပုံးများကို မြန်မာ့ရိုးရာလက်မှုလုပ်ငန်းလုပ်ကိုင်သူများက လာရောက်ရောင်းချခြင်းဖြစ်ကြောင်း၊ ရောင်းချရာတွင်ဆီမီးခွက်(၁၀)ခွက်လျှင် (၇၀၀)ကျပ်၊ မီးစာအပင်နှစ်ဆယ်ပါ တစ်စည်းလျှင် (၅၀၀) ကျပ်နှင့် သီတင်းကျွတ်မီးပုံးတစ်ခုလျှင် အနိမ့်ဆုံးငွေကျပ် ၁၀၀၀ မှ အမြင့်ဆုံးငွေ ကျပ် ၁၅၀၀ ကျပ်ဖြင့်လည်းကောင်း ရောင်းချနေရကြောင်းနှင့် မကြာမီသီတင်းကျွတ်လပြည့်ရက် ရောက်တော့မည်ဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း အိုးရောင်းချသူတစ်ဦးထံမှ သိရသည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်နေ့တစ်နေ့ဖြစ်ပြီး ထိုနေ့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပခြင်း၊ ဘုရား၊ တရား၊ သံဃာ၊ မိဘဆရာသမားများအား ပူဇော်ကန်တော့ခြင်းနှင့် ပွဲလမ်းသဘင်များ ဆင်ယင်ကျင်းပကြသည်။
နောင်နောင် (ဗိဿနိုးမြေ)