မင်းဘူး အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာတွင် ပြည်သူများ စာပေအသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျေးရွာရှိ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်းဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ဦးတို့က စာကြည့်တိုက်ဆောက်လုပ်မည့်နေရာအား ပန္နက်တိုင်များ စိုက်ထူ၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာကြည့်တိုက်အဆောက်အဦသစ်အား တာဝန်ယူဆောက်လုပ်မည့် အောင်ဇေဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကျေးရွာရပ်မိရပ်ဖများကို တွေ့ဆုံ၍ စာကြည့်တိုက် အဆောက်အဦအား သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားသည်။
မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာတွင် အကောင်အထည်ဖော် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက် အဆောက်အဦကို နိုင်ငံတော်အစိုးရနှင့် ပြည်သူများ စုပေါင်းလှူဒါန်းငွေကျပ် သိန်း(၁၅၀)ဖြင့် အလျား ပေ (၂၀)၊ အနံ (၁၉)ပေရှိ စာကြည့်တိုက်အဆောက်အဦ ဆောက်လုပ်ခြင်း၊ စာကြည့်တိုက်အသုံးအဆောင် ပရိဘောဂပစ္စည်းများနှင့် စာအုပ်စာစောင် ဝယ်ယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)