ပွင့်ဖြူ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ(၂) ဦးပြည့်ဖြိုးသူက မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်းဆိုင်ရာ အကြောင်းအရာများ၊ ချေးငွေအတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေပါ လိုက်နာရမည့် တာဝန်နှင့် ခံစားခွင့်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ ထားရှိရမည့်စိတ်ဓာတ်နှင့် တာဝန်ယူမှု တာဝန်ခံမှုများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး အငယ်တန်းအင်ဂျင်နီယာ(၂) ဦးပြည့်ဖြိုးသူက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေများကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက သမော်အင်းကျေးရွာရှိ နေကြာသီးနှံ အပါအဝင် အခြားဆီထွက်သီးနှံများ စိုက်ပျိုးသော အသင်းသား၊ အသင်းသူ (၃၅)ဦးကို ပထမအကြိမ် ရန်ပုံငွေကျပ် ၁၀ ဒသမ ၈ သန်း ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)