ချောင်းဦး အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ရှိ မြို့ပေါ် ၆ ရပ်ကွက်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ နေ့စဉ်တာဝန်ရှိသူများက ကွင်းဆင်းကောက်ယူခဲ့ရာ ပြည်သူများဝိုင်းဝန်းကူညီမှုဖြင့် ရာနှုန်းပြည့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁ ရက်နေ့မှ စတင်ပြီး အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်းအထိ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဝင်း၊ အတွင်းရေးမှူး ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ စာရင်းစစ်၊ စာရင်းကောက် ဆရာ၊ ဆရာမ ၂၀ ဦးက စာရင်းကောက်အဖွဲ့ ၄ ဖွဲ့ဖွဲ့ပြီး ချောင်းဦးမြို့ပေါ် ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ တမာမြိုင်ရပ်ကွက်၊ ချောင်းဦးမြောက်ရပ်ကွက်၊ ချောင်းဦးတောင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်များသို့ ကောက်ကွက်(၃၇)ကွက် သတ်မှတ်ကွင်းဆင်းကောက်ယူခဲ့ရာ ကောက်ကွက်အတွင်းရှိ အိမ်ထောင်စု ပြည်သူများမှ ပါဝင်ပူးပေါင်းကူညီခဲ့ကြကြောင်း သိရသည်။
စတင်ကောက်ယူသည့် အောက်တိုဘာ ၁ ရက်နေ့မှ အောက်တိုဘာ ၁၅ ရက်နေ့အထိ အိမ်ထောင်စု (၄၇၅၂) စု၊ လူဦးရေ (၁၆၂၀၇) ဦး၏ လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက် ၆၈ ချက်ကို မေးမြန်းစိစစ်ကောက်ယူနိုင်ခဲ့သဖြင့် ချောင်းဦးမြို့နယ်အနေဖြင့် သတ်မှတ်ထားသော ကောက်ကွက် ၃၇ ကွက်လုံး ကောက်ယူနိုင်ခဲ့ကြောင်း၊ ရာခိုင်နှုန်းအားဖြင့် တစ်ရာရာခိုင်နှုန်းအပြည့် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။
ဝင်းမြင့်အောင်(ပြန်ဆက်)