ဓနုဖြူမြို့ကျက်သရေဆောင် သမိုင်းဝင်ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၂)ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

ဓနုဖြူ အောက်တိုဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ ကျိုက္ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ (၁၅၂)ကြိမ်မြောက် ဆွမ်းတော်ကြီးကပ်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်အား သီတင်းကျွတ်လဆန်း (၁၂)ရက်နေ့မှ လပြည့်​ကျော် (၁)ရက်နေ့အထိ (၅)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ယနေ့သီတင်းကျွတ်လဆန်း (၁၃)ရက်နေ့တွင် ဘုရားဖူးပြည်သူများ၊ ရွှေသင်္ကန်းကပ်လှူပူဇော်သူများနှင့် စည်ကားလျက်ရှိသည်။

ယနေ့ သီတင်းကျွတ်လဆန်း(၁၃)ရက်နေ့တွင် အစဥ်အလာမပျက် မင်းပိုင်း၊ ဗန္ဓုလ၊ စိန်အသင်းနှင့် အနောက်ပိုင်းသံဃာ့ဒါနဆွမ်းလောင်းအသင်း(၄)သင်းတို့မှ အသင်းသူ၊ အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ်အကအလှများဖြင့် မုန့်ပွဲလှည့်လည်ကြရာမြို့တွင်းနှင့် ကျိုက္ကလွန်ပွန်းဘုရားအနီး ကြည့်ရှုသူများနှင့် စည်ကားလျက်ရှိသည်။ သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင်လည်း မြို့မ၊ စျေးပိုင်းနှင့် ဦးအောင်ဇေယျဆွမ်းလောင်းအသင်းတို့မှ အသင်းသူ၊ အသင်းသားများက မင်္ဂလာစည်တော်၊ အတီးအမှုတ်အကအလှများဖြင့် လှည့်လည်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဇာတ်ပွဲများ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများနှင့် ချား၊ရဟက်များတွင် ကလေးများပျော်ရွှင်စွာဆော့ကစားလျက်ရှိပြီး၊ ဘုရားပွဲစျေးတန်းတွင်လည်းဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ ဒေသထွက်မြန်မာမုန့်များနှင့် ကလေးကစားစရာပစ္စည်းဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)