ပွင့်ဖြူ အောက်တိုဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးထားသော မိုးသီးနှံစုံ ဧကသုံးသောင်းကျော် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံပိုလျှံစေရန်နှင့် သီးနှံစိုက်ပျိုး စွမ်းအား တိုးတက်မြင့်မားရေးအတွက် စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ၊ ပဲတီစိမ်း၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ ချည်မျှင်ရှည်ဝါ၊ ကြံ၊ ဟင်းသီးဟင်းရွက်သီးနှံ၊ ငှက်ပျော၊ အုန်း၊ ထန်း၊ သီးပင်စားပင်၊ ပရဆေးပင်နှင့် အထွေအထွေ စားသုံးသီးနှံများ စသည့် မိုးသီးနှံစုံစိုက်ဧက ၁၂၈၆၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရကာ ယခုအခါ ဒေသခံတောင်သူများက ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့သော မိုးသီးနှံများကို ဇူလိုင်လကုန်ပိုင်းမှ စတင်၍ သိမ်းဆည်းရိတ်သိမ်း ဆောင်ရွက်ခဲ့ရာ ယနေ့ထိ မိုးသီးနှံစုံ ၃၅၄၇၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေဖို့၊ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်စေဖို့ ရည်ရွယ်ပြီး မိုးသီးနှံစုံစိုက်ဧက ၁၂၈၆၃၃ ဧက စိုက်ပျိုးထားရှိပါတယ်။ အဲဒီ မိုးသီးနှံတွေထဲမှာ ဆောလျင်စွာ စိုက်ပျိုးနိုင်ခဲ့တဲ့ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ဖူးစားပြောင်း၊ ကျွဲနွား တိရစ္ဆာန်အစာနဲ့ အခြားစားသုံးသီးနှံများမှာ ရိတ်သိမ်းချိန်ရရှိပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဇူလိုင်လကုန်ပိုင်းကစပြီး ရိတ်သိမ်းဆောင်ရွက်ခဲ့ရာ ဒီနေ့ထိ ၃၅၄၇၀ ဧက ရိတ်သိမ်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ မိုးသီးနှံတွေ အထွက်နှုန်း အနေနဲ့ကတော့ မြေပဲသီးနှံက တစ်ဧက ၅၄ ဒသမ ၆၈ တင်း၊ နှမ်းသီးနှံက တစ်ဧက ၈ ဒသမ ၉၆ တင်း၊ နေကြာသီးနှံက တစ်ဧက ၂၉ ဒသမ ၃၂ တင်း၊ ပဲတီစိမ်းသီးနှံက တစ်ဧက ၁၉ ဒသမ ၃၀ တင်း၊ ဖူးစားပြောင်းက တစ်ဧက ၁၄၃၀၂ ဖူး၊ ကျွဲနွားတိရစ္ဆာန်အစာမှာ တစ်ဧက ၂၃၅၂ ထုန်း၊ အခြား စားသုံးသီးနှံတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် တစ်ဧက ၃၅၄၈ ပိဿာ၊ ငရုပ်သီးနှံ တစ်ဧက ၆၆၂ ပိဿာ၊ အုန်း တစ်ဧက ၄၁၆၀ ခိုင်၊ ငှက်ပျော တစ်ဧက ၁၄၃၅ ခိုင်၊ သစ်သီးပင် တစ်ဧက ၁၅၃၆၂ လုံး၊ ကွမ်း တစ်ဧက ၂၃၆၀ ပိဿာ စိုက်ပျိုးထွက်ရှိခဲ့ပါတယ်။ မိုးသီးနှံတွေ သိမ်းဆည်းခြင်းနဲ့ ပတ်သက်ပြီး အထွက်နှုန်းများ လျော့နည်းမှုတွေ မဖြစ်စေရေးအတွက် စနစ်တကျသိမ်းဆည်းကြဖို့၊ အရည်အသွေးကောင်းတဲ့ သီးနှံများရရှိဖို့ အမိုးအကာအောက်မှာ စနစ်တကျ သိမ်းဆည်းနိုင်ဖို့အတွက် ဒေသခံတောင်သူတွေကို အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။
အဆိုပါ မိုးသီးနှံစုံ ရိတ်သိမ်းပြီးစီးမှုအနေဖြင့် မြေပဲသီးနှံ ၃၆၁၉ ဧက၊ နှမ်းသီးနှံ ၂၁၉၀၉ ဧက၊ နေကြာသီးနှံ ၅၇၉ ဧက၊ ပဲတီစိမ်းသီးနှံ ၂၀၅၉ ဧက၊ ဖူးစားပြောင်း ၁၂၈၉ ဧက၊ ကျွဲနွားတိရစ္ဆာန်အစာ ၃၉၉၂ ဧက၊ အခြားစားသုံးသီးနှံ ၂၀၂၃ ဧက၊ စုစုပေါင်း ၃၅၄၇၀ ဧက ဖြစ်ကြောင်း သိရသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်စေရန်အတွက် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်များ မှန်ကန်စေရေး၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲရေး၊ အချိန်မီ သီးနှံရိတ်သိမ်းနည်းစနစ်များ စသည့် တောင်သူပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းကာ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )