ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ပဲခူး အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာလ ၁၇ ရက်)ညပိုင်းအချိန်တွင် ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီတင်းကျွတ်ပွဲတော်ကာလတွင် ပဲခူးမြို့၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ပထမအကြိမ် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ဥဒကဒေသစာရီ လှည့်လည်အပူဇော် ခံယူတော်မူရန် စံကျောင်းတော်သို့ ပင့်ဆောင်ပူဇော်ခြင်းမင်္ဂလာအခမ်းအနားနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတို့ကို ကျင်းပသွားဖြစ်ပြီး ပျော်ပွဲရွှင်ပွဲအနေဖြင့် သီတင်းကျွတ်လဆန်း ၁၁၊ ၁၂၊ ၁၃ ရက်(အောက်တိုဘာလ ၁၃၊ ၁၄၊ ၁၅ ရက်)တို့တွင် နိုင်ငံကျော် မျက်လှည့်ပညာရှင်ကြီး စက္ကောမ၊ ရဲဇော်ထွန်းအဆင့်မြင့်ဆက်ကပ်အဖွဲ့ကြီးမှ လည်းကောင်း၊ သီတင်းကျွတ်လဆန်း ၁၄၊ ၁၅ ရက်(အောက်တိုဘာလ ၁၆ ၊ ၁၇ ရက်)တို့တွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် စွမ်းဇာနည်နှင့်အဖွဲ့တို့မှလည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက် (အောက်တိုဘာလ ၁၈ ရက်)တွင် မာမီသက် (ခ)ဖဝေးမောင်နှင့် ငလက်မတို့ပါဝင်သည့် အဖွဲ့မှလည်းကောင်း အသီးသီးဖျော်ဖြေ တင်ဆက်သွားကြမည်ဖြစ်သည့်အပြင် ဖျော်ဖြေရေးယာဉ်ဖြင့် မြို့တွင်းသို့လှည့်လည်၍ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

ပွဲတော်လာပြည်သူများ စိတ်ချမ်းသာမှုနှင့် စိတ်အပန်းဖြေနိုင်ရေးအတွက် လမ်းမကြီးများပေါ်တွင် ရောင်စုံအလှမီးဆိုင်းများ ထွန်းညှိထားခြင်း၊ ဈေးရောင်းပွဲတော် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)