ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လစဥ်ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာအုပ်စုတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ ပွင်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန်၊ ရေငန်ဝင်ရောက်၍ နွေစပါး မစိုက်ပျိုးနိုင်သည့် လယ်မြေများတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးသွားရန်နှင့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးထုတ်​လုပ်ရေးမျိုး​စေ့များ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများ ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး အဖွဲ့ဝင်(၁)ဗိုလ်မှူးမွန်မြတ်သူစိုးက နယ်မြေအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်လွင်အောင်က ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ပြည်သူမျာအား လုံခြုံအေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက နွေစပါးစိုက်ပျိုးသည့် ဧကများ အောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာအဖွဲ့များဖြင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ ရေငန်ဝင်ရောက်၍ နွေစပါးမစိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံနေကြာနှင့် သစ်စိမ်းမြေသြဇာမျိုးစေ့များ ထောက်ပံ့ပေးအပ်မည့်လုပ်ငန်းများ၊ ကျေးရွာဒေသများ မီးလင်းရေး၊ ကျေးရွာချင်းဆက်လမ်းများ ခင်းကျင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးရွာအုပ်စု တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အခက်အခဲများအား တင်ပြဆွေးနွေးခဲ့ရာ  တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦမျိုးကျော်ကျော်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် လုပ်ငန်းများအချိန်မီပြီးစီးရေး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အေဇာလင်း