မြဝတီမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင်  ကောက်ကွက်ပေါင်း  ၁၅၉ ကွက် ကောက်ယူပြီးစီး

မြဝတီ အောက်တိုဘာ ၁၅

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းကို  မြန်မာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်တိုဘာ  ၁  ရက်မှ   စတင်စာရင်းကောက်ယူလျက်ရှိသကဲ့သို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် အောက်တိုဘာ၁၄ရက်နေ့ထိ ကောက်ယူပြီးစီးသည့် စာရင်းကောက်ကွက်ပေါင်း ၁၅၉ ကွက်ရှိကြောင်း သိရသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရာတွင် မထပ်၊ မကျန်တိကျ မှန်ကန်မှုရှိစေရေးအတွက် မြဝတီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၏ ဦးဆောင်လမ်းညွှန်မှု၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးဌာနမှူး  ဦးကျော်ကျော်သန်း၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးသက်လွင်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနမှ  မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်ဝင်းတို့၏ ကြီးကြပ်မှုဖြင့်   ခရိုင်နှင့်မြို့နယ်ကြီးကြပ်မှု  ကော်မတီဝင်များ၊     စာရင်းစစ်၊ စာရင်းကောက်ဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက အဖွဲ့များခွဲပြီး  ရပ်ကွက်ကိုးခုနှင့်  ကျေးရွာအုပ်စုငါးအုပ်စုတို့၌ Mobile Tablet ဖြင့်အဆင့်မြင့်နည်းပညာ(CAP)အသုံးပြု၍ အိမ်ထောင်စုမေးခွန်းပုံစံ ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံ ၁၈ ခုတို့ဖြင့် မေးခွန်းမေးမြန်းခြင်းကို တစ်အိမ်တက်ဆင်း အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

မြဝတီမြို့နယ်အနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း  ကောက်ယူခြင်းလုပ်ငန်းတွင် အောက်တိုဘာ ၁ ရက် မှ ၁၄  ရက်နေ့ထိ ကောက်ယူပြီးစီးသည့်   စာရင်းကောက်ကွက်ပေါင်း  ၁၅၉ ကွက်၊   အိမ်ထောင်စု ၂၈၆၁၄ စုမှ အမျိူသား  ၅၂၆၇၆  ဦးနှင့်  အမျိုးသမီး  ၅၅၃၁၂  ဦးစုစုပေါင်း လူဦးရေ ၁၀၇၉၈၈ ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်းကို တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(မြဝတီ)