သာယာဝတီ အောက်တိုဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ(နေကြာ)အထွက်နှုန်း တိုးတက်စေရေး ပညာပေးရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
ဦးစွာသင်တန်းဖွင့်အခမ်းအနားတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်တင်ထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝင်းကျော်သူ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနေလင်းအောင်တို့က နေကြာသီးနှံ အထွက်တိုးရေးဆွေးနွေးပို့ချကြရာ တက်ရောက်လာကြသော နေကြာသီးနှံစိုက်ပျိုးသည့်တောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြသည်။
အဆိုပါ ပညာပေးရက်တိုသင်တန်းသို့ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ မင်းလှမြို့နယ်၊မိုးညိုမြို့နယ်၊ အုတ်ဖိုမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်၊ ဇီးကုန်းမြို့နယ်၊ နတ်တလင်းမြို့နယ် တို့မှတောင်သူစုစုပေါင်း ၁၀၀ ဦးတက်ရောက်ခဲ့ကြပြီး သာယာဝတီခရိုင် အနေဖြင့် ၂၀၂၄ ခုနှစ်၌ ဆောင်းဆီထွက်သီးနှံ (နေကြာ) ဧကပေါင်း ၂၁၀၅ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇော်(ခရိုင်ပြန်/ဆက်)