မြို့သစ် အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက် ကာလတို/ ကာလရှည် သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ငရုတ်သီးစိမ်း စျေးကောင်းရ၍ ငရုတ်စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ငရုတ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ငရုတ်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။
ငရုတ်မျိုး (၂) ထုပ်စိုက်ပျိုးပါက ငွေကျပ်ဆယ်သိန်းခန့် ကုန်ကျကြောင်း စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၁ဝဝ) ပိဿာကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂) ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ငရုတ်သီးတစ်ပိဿာ ငွေကျပ် (၆၀၀၀) ကျပ် ရောင်းချရသဖြင့် ငရုတ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ငရုတ်ပင်စိုက်ပျိုးသူများအနေဖြင့် ငရုတ်အပွမျိုး၊ အတောင့်ရှည်ငရုတ်မျိုးနှင့် ထိုင်ဝမ်ငရုတ်မျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ထိုင်ဝမ်ငရုတ်မျိုးများသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်ဆက်)