ကိုဗစ် - ၁၉ ရောဂါ အလွန်ကာလတွင် မြိတ်-ကျွန်းစုရှိ ကျွန်းအပန်းဖြေခရီးသွားလုပ်ငန်း ပိုမို တိုးတက်စေရေးအတွက် ကျွန်းများတွင် အခြေခံ အဆောက်အဦများ ဆောင်ရွက်လျက်ရှိ

မြိတ် နိုဝင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစုရှိ ကျွန်းများသည် ပင်လယ်ကမ်းခြေများ၏ လှပမှု၊ သဘာဝအတိုင်း တည်ရှိနေသည့် ရေပေါ်ရေအောက် သယံဇာတများ၏ လှပမှုများကြောင့် မြိတ်-ကျွန်းစုသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ ကိုဗစ် - ၁၉ ရောဂါ အလွန်ကာလတွင် လာရောက် လည်ပတ်မှု  ပိုမိုတိုးတက်စေရန်အတွက် ခရီးသွားဧည့်သည်များ လည်ပတ်မှုများသည့် ကျွန်းများတွင် အခြေခံအဆောက်အဦများ ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“မြိတ်ခရိုင်ရဲ့ ခရီးသွားလုပ်ငန်းဟာ ကျွန်းကိုအခြေခံပြီးအဓိကလည်ပတ်တဲ့ ကျွန်းခရီးစဉ်ဖြစ်တဲ့ အတွက်ကြောင့် လည်ပတ်မှုများတဲ့ စမတ်ကျွန်း အပါအဝင် ကျွန်း(၆)ကျွန်းမှာ အခြေခံ အဆောက်အဦတွေ ပြည့်စုံစေဖို့အတွက် ဆောင်ရွက်ထားရှိပါတယ်။ အထူးသဖြင့် မြိတ်ဒေသရဲ့ နာမည်ကျော် ကျွန်းခရီးစဉ်ဖြစ်တဲ့ စမတ်ကျွန်းကို သွားရောက်လည်ပတ်တဲ့ ခရီးသည်တွေ အဆင်ပြေစေဖို့အတွက်ကို ရေပေါ်တံတားနှင့် အများပြည်သူသုံး သန့်စင်ခန်းတို့ကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော် က ပြောသည်။

မြိတ်ခရိုင် ခရီးသွားလုပ်ငန်းသည် ၂၀၁၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ခရီးသွား လုပ်ငန်းစတင်စဉ် မြိတ်ခရိုင်အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလိုင်စင်ရ ဟိုတယ်/ တည်းခိုရိပ်သာ(၈)လုံးနှင့် ခရီးသွား ကုမ္ပဏီ(၆)ခုသာရှိကြောင်း၊ ၂၀၁၆ ခုနှစ်တွင် ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည် လာရောက်မှု များပြားလာကာ ဒေသခံလုပ်ငန်းရှင်တွေရဲ့ ခရီးသွား လုပ်ငန်းနယ်ပယ်မှာ ရင်းနှီးမြုပ်နှံမှု စိတ်ဝင်စားလာကြသည့်အတွက် ဒေသအတွင်း ဟိုတယ် တည်းခိုရိပ်သာများ တိုးပွားလာကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ခရီးသွားလုပ်ငန်း နယ်ပယ်အတွင်းမှာ လုပ်ကိုင်နေကြတဲ့သူတွေရဲ့ စည်းလုံးညီညွှတ်မှုနဲ့ ဒေသတွင်း မီဒီယာတွေရဲ့ ထောက်ပံ့ကူညီပံ့ပိုးမှုတွေကြောင့် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းဟာ တက်ရိပ်ပြခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ် ပွင့်လင်းရာသီကာလမှာ  ပြည်တွင်းဧည့်သည် လာရောက်မှု အများဆုံးဖြစ်ခဲ့ပါ တယ်။ ၂၀၁၉-၂၀၂၀ ပွင့်လင်း ရာသီကာလမှာတော့ အရင်နှစ်ကစံချိန်ချိုးပြီး ဧည့်သည်လာရောက်မှု ပိုမိုများပြားလာမယ်လို့ မျှော်မှန်းထားခဲ့တယ်။ သို့သော် မထင်မှတ်ဘဲ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့လာတဲ့အတွက် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းတွေကို ၂၀၂၀ ပြည့်နှစ် မတ်လ(၂၈)ရက်မှာ ရပ်နားခဲ့ရပါတယ်”ဟု မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ထပ်လောင်းပြောကြားသည်။

ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းဖြစ်တဲ့အတွက် ဝန်ဆောင်မှုပေးမည့်သူများ အရည်အသွေးပြည့်မီစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း ခရီးသွားအခြေခံသင်တန်း (၁၃) ကြိမ်၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း (၃) ကြိမ် ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း၊  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး Covid-19 Workplace Safe Service  သင်တန်း (၃)ကြိမ်  ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြိတ်ခရိုင်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း၌ ဒေသ ဧည့်လမ်းပြသင်တန်းကို ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“မြိတ်ခရိုင်ခရီးသွားလုပ်ငန်းအနေနဲ့ လူ့စွမ်းအားအရင်းအမြစ်ပိုင်းဆိုင်ရာမှာရော အခြေခံအဆောက်အဦ အနေနဲ့ပါ ဖြည့်ဆည်းပြီးဖြစ်တဲ့အတွက် ဧည့်သည်လက်ခံဖို့ကို အဆင်သင့် ဖြစ်လျက်ရှိနေပါကြောင်း၊ ကိုဗစ်-၁၉ အလွန်ကာလမှာ မြိတ်ဒေသအတွင်းကို လာရောက် လည်ပတ်ကြမယ့် ဧည့်သည်များကို လှိုက်လဲစွာ ကြိုဆိုလျက်ရှိပါကြောင်း ပြောကြားလိုပါတယ်”ဟု မြိတ်ခရိုင် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းဇော် က ကြိုဆိုဖိတ်ခေါ်စကား ဖြည့်စွက်ပြောကြားသည်။    
မြိတ်ခရိုင်တွင် လက်ရှိအချိန်၌ ခရီးသွားကုမ္ပဏီ(၃၆)ခုရှိပြီး ခရီးသွားလုပ်ငန်းများတွင် ပြေးဆွဲလျက်ရှိသော Speed Boat (၄၀) ကျော်ရှိကြောင်း၊ ထို့အတူ ခရီးသွားဧည့်သည်များ ကျွန်းအပန်းဖြေခရီး လာရောက်လည်ပတ်ရာတွင် တည်းခိုနားနေနိုင်သည့်  ဟိုတယ်နှင့်ခရီးသွား လိုင်စင်ရ ဟိုတယ်/တည်းခိုရိပ်သာ (၁၈) လုံးရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ခိုင်ထူး  (မြိတ် ပြန်/ဆက် )