မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများ ကျင်းပမည်

မင်းဘူး အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချမ်းသာကြီးပရဟိတအဖွဲ့ထံမှ သိရသည်။

ချမ်းသာကြီးဘုရား ပရိဝုဏ်အတွင်းတွင် အရံစေတီတော် (၁၄) ဆူနှင့် စေတီတော်ကြီးအပါအဝင် ဘုရား (၁၅) ဆူရှိပြီး အခါကြီး၊ ရက်ကြီးနှင့် နေ့ထူးနေ့မြတ်များဖြစ်သော ဝါဆို၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ တပို့တွဲ၊ တန်ခူးနှင့် ကဆုန်လများတွင် ပွဲလမ်းသဘင်များဖြင့် စည်စည်ကားကား အမြဲမပြတ် ကျင်းပလေ့ရှိသော ဘုရားပွဲလည်းဖြစ်သည်။

ယခုနှစ် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့၌ ဆွမ်းတော်ကြီးတင်ကာ ၁၅ ရက် လပြည့်နေ့၌ ဘုရာကြီးအပါအဝင် သံဃာတော် အရှင်သူမြတ်များအား ဆွမ်းများပေါင်းစု၍ လောင်းလှူသွားမှာဖြစ်ကာ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာဧည့်ပရိတ်သတ်အပေါင်းတို့အား စတုဒိသာအကျွေးအမွေးများဖြင့် ကျွေးမွေးလှူဒါန်းသွားမှာဖြစ်ကြောင်း ချမ်းသာကြီးလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးသက်ထွန်းက ပြောကြားခဲ့သည်။

ဇေယျာထက် (မင်းဘူး)