စစ်ကိုင်း အောက်တိုဘာ ၁၅
စစ်ကိုင်းမြို့တွင် (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက လမ်းလျှောက်တုတ်သည် အမြင်အာရုံမသန်စွမ်းသူများ ပတ်ဝန်းကျင်တွင် လုံခြုံစိတ်ချစွာသွားလာလှုပ်ရှားနိုင်စေရန် မရှိမဖြစ်လိုအပ်သော ကိရိယာတစ်ခုဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာလမ်းလျှောက်တုတ်နေ့သည် အမြင်အာရုံမသန်စွမ်းသူများ၏ အခွင့်အရေးများ အများနည်းတူရရှိစေရန် အမြင်အာရုံမသန်စွမ်းသူများ၏ အမှီအခိုကင်းမှုနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းဖြင့် လူ့အသိုက်အဝန်းအတွင်းရှိ လူသားများအားလုံး၏ ပါဝင်ပံ့ပိုးပေးမှုများကို တန်ဖိုးထားအသိအမှတ်ပြုသည့် လူတိုင်းအကျုံးဝင်သော လူ့အသိုက်အဝန်းတစ်ခုကို ဖော်ဆောင်နိုင်ရန် အတူတကွပူးပေါင်းဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ပြိုင်ပွဲတွင် သီချင်းဆို၊ စစ်တုရင်၊ စာဖတ်စွမ်းရည်၊ လမ်းလျှောက်၊ ဂိမ်းပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးပြီး ပြိုင်ပွဲအသီးသီးသို့ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များက ကြည့်ရှုအားပေးခဲ့ပြီး ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇော်မြင့်နိုင်