ပခုက္ကူမြို့၌ မြန်မာ့ရိုးရာသီတင်းကျွတ်မီးပုံးများ အရောင်းအဝယ်သွက်လျက်ရှိ

ပခုက္ကူ အောက်တိုဘာ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၆ခု သီတင်းကျွတ်မီးထွန်းပွဲတော်ရောက်ရှိလာမည်ဖြစ်သည်နှင့်အညီ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိနေအိမ်အများစုမှာ သီတင်းကျွတ်ကာလတွင် ရောင်စုံမီးပုံးများကိုအလှဆင်ချိတ်ဆွဲကာ ဆီမီးထွန်းပူဇော်ကြသလို ကလေးငယ်များအနေဖြင့်လည်း မီးပုံးလက်တွန်းလှည်းကလေးများဖြင့် ဆော့ကစားတတ်ခြင်းတို့ကြောင့် မိသားစုတစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် မီးပုံးပြုလုပ်ရောင်းချသူများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရသည်။

“မြန်မာ့ရိုးရာလက်မှုပညာတစ်ခုဖြစ်သည့် မီးပုံးများပြုလုပ်ရာတွင် ကြေးဝါးကိုအများဆုံးအသုံးပြုရပြီး ဝါးလွှာခြင်း၊ ဝါးချိုးခြင်း၊ ဘီးလုံးတပ်ဆင်ခြင်း၊ ရောင်စုံစက္ကူများတပ်ခြင်းနှင့် ပန်းချီဆွဲခြင်းလုပ်ငန်းအဆင့်ဆင့်ကို ပြုလုပ်ကြပါတယ်။ မြန်မာ့ရိုးရာလက်မှုပညာကိုထိန်းသိမ်းရင်း ကလေးအများစု ကြိုက်နှစ်သက်တတ်သည့် ဒီဇိုင်းပုံစံ အသစ်အဆန်းတွေရေးဆွဲပြီး ထွင်လုပ်ရပါတယ်၊ မီးပုံးအရုပ်ချိုးဖို့အတွက် ဝါခေါင်လမှစတင်ကာ မှန်ရောင်စက္ကူရွက်နှင့် ဆီစိမ်ကြမ်းစက္ကူရွက်များဝယ်ယူပြီး ကြိုတင်ပြင်ဆင်ရပါတယ်၊ မှန်ရောင်စက္ကူမှာလည်း ဝါ၊ စိမ်း၊ နီ၊ ပြား၊ ပန်းနု၊ ပန်းဆီစသဖြင့် အရောင်မျိုးစုံရှိပါတယ်၊ ဝါးမှန်ရွက်အကြည်နဲ့ ကော်စေးကိုအသုံးပြုပြီး ပန်းချီရုပ်ပုံရေးဆွဲကာ လက်လုပ်မီးပုံး၊မီးဆိုင်းနှင့်အရုပ်မျိုးစုံ ၅၀၀ ခန့် ဖန်တီးပြုလုပ်မည်ဆိုပါက အရင်းအနှီးငွေကျပ် ငါးသိန်းနှင့်ခြောက်သိန်း ကြားကုန်ကျပါတယ်” ဟု ပခုက္ကူမြို့၊ အမှတ် (၁၀)ရပ်ကွက်မှ မီးပုံးကိုယ်တိုင်ပြုလုပ်သူတစ်ဦးက ပြောသည်။

“သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များရောင်းချရာတွင် မီးပုံး၊မီးဆိုင်းများကို ငွေကျပ် ၁၀၀၀ မှ ၂၅၀၀၊ ကလေးကစားစရာအရုပ်များဖြစ်သည့် ယုန်ရုပ်ကို ငွေကျပ် ၂၀၀၀၊ ဆင်ရုပ်ကို ငွေကျပ် ၃၀၀၀၊  တိုက်လေယာဉ်ရုပ်ကို ငွေကျပ်၂၀၀၀မှ၃၀၀၀၊ သင်္ဘောရုပ်(အကြီး၊အလတ်၊အသေး)များအလိုက် ငွေကျပ် ၃၀၀၀မှ ၁၅၀၀၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ လက်ရှိတွင် တစ်ရက်လျှင် အများဆုံးငွေကျပ် ခြောက်သောင်းဖိုးအထိ ရောင်းချရပြီး သီတင်းကျွတ်လပြည့်နေ့တွင် ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း၊ အရုပ်များကို တော်သလင်းလပြည့်ကျော် ၁ ရက်နေ့မှစတင်ပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း” မီးပုံးဈေးသည်တစ်ဦး၏ ပြောပြချက်အရသိရသည်။

ဆက်လက်ပြီး မြန်မာမှုမြတ်နိုးသူတစ်ဦးက “မီးပုံး၊မီးဆိုင်းများကို သမီးလေးကကြိုက်တယ်ပြောလို့ လာရောက်ဝယ်ယူတာပါ၊ မြို့ပေါ်က မူကြိုကျောင်းကဆရာမတွေဆိုရင် သီတင်းကျွတ်ကာလရောက်ပြီ ဆိုတာနဲ့ ကလေးငယ်တွေကို လက်ဆောင်ပေးဖို့ ဝယ်ယူလေ့ရှိပါတယ်။ တခြားမိဘတွေကလည်း ကိုယ့်ကလေးတွေအတွက် ဝယ်ပေးကြသလို ကလေးငယ်အချင်းချင်း လက်ဆောင်ပေးဖို့၊ မွေးချင်းထဲက တူ၊ တူမတွေပေးဖို့၊ သီတင်းကျွတ်ကာလဆီမီးထွန်းပူဇော် ကြဖို့တွေအတွက် ဝယ်ယူအားပေးကြတာ တွေ့ရပါတယ်၊ ကျွန်တော်တို့ ပခုက္ကူဈေးကွက်မှာ ပြည်ပမီးပုံးဒီဇိုင်းတွေ ဝင်ရောက်မှုရှိသော်လည်း မြန်မာ့ရိုးရာလက်မှုပညာမြတ်နိုးသူတွေက အဓိကထားဝယ်ယူအားပေးကြတာကြောင့် သီတင်းကျွတ်ကာလ ရှိနေသရွေ့ မြန်မာ့မီးပုံး၊မီးဆိုင်းအရုပ်များနှင့်ရောင်စုံးဆီမီးခွက်များ ဆက်လက်တည်ရှိနေဦးမယ် လို့ထင်ပါတယ်”ဟုပြောပြသည်။

သီတင်းကျွတ်မီးပုံးများကို ပခုက္ကူမြို့ရှိ လွတ်လပ်ရေးပန်းခြံအရှေ့ဖက် မြို့မဈေးကြီးအဝင်၊ ထင်းတန်းလမ်း တစ်လျှောက်နှင့်သီဟိုဠ် ရှင်ဘုရားကြီးလမ်းတို့တွင် အဓိကဖြန့်ဖြူးရောင်းချကြပြီး တစ်ချို့သော မီးပုံးလုပ်ကိုင်သူများအနေဖြင့်လည်း အနီးပတ်ဝန်းကျင်မြို့နယ်များသို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)