ကျွန်းလှ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိက စိုက်ပျိုးဖြစ်ပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော အစေ့ထုတ်ပြောင်း ၁၅၀၁၂ ဧက ရိတ်သိမ်းပြီး ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းလှမြို့နယ်မှာ အစေ့ထုတ်ပြောင်းကို မိုးရာသီမှာ အဓိကစိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရာမှာ ပဲစင်းငုံသီးနှံနဲ့ သီးညှပ်စိုက်ပျိုးကြပြီး သီးသန့်လည်း စိုက်ပျိုးကြပါတယ်။ အခုခါ စိုက်ဧက အားလုံးရိတ်သိမ်းပြီးဖြစ်ရာ တစ်ဧက ၄၈ ဒသမ ၆၉ တင်းထွက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။
အစေ့ထုတ်ပြောင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျအချိန်ကိုက်သုံးစွဲရေး၊ ဖောငမြောင်တောင်ပိုး ကျရောက်မှုကာကွယ်ရေး စသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း စိုကိပျိုးရန် ၁၄၉၉၅ ဧကလျာထားပြီး ၁၅၀၁၂ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် ရရှိကြကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)