ဘောလခဲ နိုဝင်ဘာ ၂၄
ကယားပြည်နယ်၊ ဘောလခဲခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီခွဲ က ခရိုင်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစီအစဉ်အရ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာ စကားပြောကြားရာတွင် “၁၉၉၁ ခုနှစ်မှစ၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုတွင် အမျိုးသမီး အခွင့်အရေးများအတွက် လှုပ်ရှားနေသောအဖွဲ့အစည်းများမှ နိုဝင်ဘာ(၂၅)ရက်မှ ဒီဇင်ဘာ(၁၀)ရက်နေ့အထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး(၁၆)ရက်တာ လှုပ်ရှားမှု (international Day of the Elimination of Violence Against Woman and the commencement of the 16 days of Activism) အား နှစ်စဉ် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ အမျိုးသမီးတွေရဲ့ ဘဝအဆင့်အတန်းတွေ အမှန်တကယ်မြင့်မားပြောင်းလဲနိုင်အောင် ကူညီ လုပ်ဆောင်ရာမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေပပျောက်အောင် လုပ်ဆောင်ဖို့ ကလည်း အလွန်အရေးကြီးကြောင်းနှင့် အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ် စီဒေါကိုလက်မှတ်ရေးထိုးထားတဲ့ မိမိတို့နိုင်ငံ အနေဖြင့် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုအပါအဝင် ခွဲခြားဆက်ဆံမှုတွေ လျော့နည်း ပပျောက်ရေးအတွက် ပိုမိုထိရောက်စွာလုပ်ဆောင်လျက်ရှိကြောင်း”စသည်ဖြင့် ပြောကြား ခဲ့သည်။
ဆက်လက်၍ ခရိုင်အဆင့်ကအမျိုးသမီးကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန်းမြင့်က အမျိုးသမီးကော်မတီ (၁၆)ရက်တာ လှုပ်ရှားမှု အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသော ကော်မတီဝင်များမှ လုပ်ငန်းများအပေါ်ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာ ကော်မတီ ဥက္ကဋ္ဌ၊ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ်များမှ မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
လှရွှေ