ဂန့်ဂေါမြို့တွင် မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်၏ ဝိဇာတမင်္ဂလာ ကျင်းပ

ဂန့်ဂေါ အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့၊ မြို့ခင်းသာပရိယတ္တိ စာသင်တိုက်ပဓာန နာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဇဋိလ၏ သက်တော်(၇၇)နှစ်ပြည့် ဝိဇာတမင်္ဂလာပူဇော်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။             

ရှေးဦးစွာ အခမ်းအနားကို နမောတဿဘုရားရှိခိုးဖြင့် ဖွင့်လှစ်၍ ပနန်းကျောင်းတိုက်ဆရာတော်ကြီး ဘဒ္ဒန္တ စက္ကိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူကြသည်။  

ဆက်လက်၍ လယ်တီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ တိက္ခထံမှ ဩဝါဒကထာနာယူကြကာ ဝိဇာတမွေးနေ့ရှင်ဆရာတော်ကြီးအား ပူဇော်ကန်တော့၍ ကျပ်သိန်း (၃၀၀)ခန့် အကုန်အကျခံပြီး ဆောက်လုပ်ခဲ့သည့် မြို့ခင်းသာကျောင်းတိုက်အဝင်မုခ်ဦးကြီးမှတ်တမ်းပုံကို ရဟန်းဒါယိကာမကြီး ဒေါ်မြခင်နှင့် ဒေါ်မမေတို့အား ရည်စူး၍ အလှူဒါယကာ ဦးညီညီနိုင်၊ အလှူဒါယိကာမ ဒေါ်ချမ်းမြစိုးမိသားစုနှင့် အများသူငှာအလှူရှင်များ၏ကိုယ်စား ဦးကြည်မောင်ဌေးနှင့် ဦးမင်းသူတို့မှ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးထံမှ သာရဏိယကထာကိုနာယူကြပြီး ပင့်ဖိတ်ကြွလာသံဃာတော် အရှင်သူမြတ်များအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုငွေကျပ် ၁၀၀၀၀၀/ စီကို ဆက်ကပ်လှူဒါန်းကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် မြို့ခင်းသာပရိယတ္တိစာသင်တိုက်မှ ဓမ္မာစရိယတန်း ပါရာဇိကဏ်ကျမ်းကို ဖြေဆိုအောင်မြင်သည့် အရှင်ဝဏ္ဏိတအား စာအောင်ပူဇာများ ဆက်ကပ်ကြသည်။ ပူဇော်ပွဲသို့ ပင့်သံဃာ ၂၀၀ ပါးတို့ ကြွရောက်တော်မူကြ၍ ဂန့်ဂေါခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်ဇနီး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် ဇနီး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေဖြိုးအောင်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျင်းပရေးကော်မတီဝင်များ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ပူဇော်ကြသည်။                                                

အခမ်းအနားသို့ ကြွရောက်တော်မူလာကြသော သံဃာတော်အရှင်သူမြတ်များအား အရုဏ်မုန့်ဟင်းခါးဆွမ်း၊ နေ့ဆွမ်းဘောဇဉ်အချိုပွဲတို့ကို ဆက်ကပ်လှူဒါန်းသည့်အပြင် ပရိသတ်များအား နံနက်တွင် ထမင်းဖြင့်လည်းကောင်း၊ နေ့လယ်ခင်းတွင် မုန့်ဟင်းခါးဖြင့်လည်းကောင်း ကျွေးမွေးလှူဒါန်းကြကြောင်း သိရသည်။

မောင်မျိုးမင်း