ဘားအံ အောက်တိုဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံမြို့တွင်းရပ်ကွက်များဖြစ်သော အမှတ်(၄၊၆၊၇)ရပ်ကွက်များကို ချိတ်ဆက်ထားသည့် ဘားအံမြို့ပတ်လမ်းသစ်အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖောက်လုပ်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါမြို့ပတ်လမ်းသစ်နှင့်ချိတ်ဆက်နေသော အမှတ်(၇)ရပ်ကွက် စောစံဖိုးသင်လမ်း အရှည် ၂၀၉၅ ပေ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းသစ်အား ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာမှူးကြီးတို့က လမ်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ရပ်ကွက်နေပြည်သူများနှင့်အတူ ဖွင့်ပွဲကျင်းပရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘားအံမြို့ပတ်လမ်းအနေဖြင့် အဆင့်မြင့်တင်ဆောင်ရွက်နေသော မန်းဘဇံလမ်း အရှည် ပေ ၁၀၀၀၊ အကျယ် ၃၀ ပေ၊ ထု ၆ လက်မပြီးစီးမှု၊ အသစ်ဖောက်လုပ်သည့် ကွန်ကရစ်လမ်းအပိုင်း(၁) အရှည် ၉၆၃ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၈ လက်မ၊ အသစ်ဖောက်လုပ်သည့် ကွန်ကရစ်လမ်းအပိုင်း(၂) အရှည် ၆၀၀ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၈ လက်မတို့အား ကွန်ကရစ်ခင်းနိုင်ရေးယာဉ်၊ ယန္တရားများအသုံးပြု၍ အမာခံကျောက်ကြမ်း ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ အသစ်ဆောက်လုပ်သည့်တံတားအမှတ်(၁) အရှည် ၂၅ ပေ၊ အကျယ် ၄၀ ပေ၊ အမြင့် ၁၄ ပေနှင့် အသစ်ဆောက်လုပ်သည့်တံတားအမှတ်(၂) အရှည် ၃၅ ပေ၊ အကျယ် ၃၀ ပေ၊ အမြင့် ၁၆ ပေရှိ ကွန်ကရစ်တံတားများ ဆောင်ရွက်ပြီးစီးမှု၊ အဆင့်မြင့်တင်ဆောင်ရွက်သည့် အရှည် ၈၀၀ ပေ၊ အကျယ် ၃၀ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအပိုင်း(၃)ပြီးစီးမှု၊ လမ်းဘေးဝဲယာ အုတ်စီရေမြောင်း၊ ပလက်ဖောင်းဆောင်ရွက်ပြီးစီးမှုနှင့် လမ်းတစ်ခုလုံးအနေဖြင့် ၇၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)