ဟင်္သာတ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့်မြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့မှ ဟင်္သာတခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟင်္သာတခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ဟင်္သာတခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်အဖွဲ့အစည်းများနှင့်ချိတ်ဆက်ကာ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့်တာဝန်ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း တရားမဝင်ကုန်သွယ်မှုများမပြုလုပ်စေဖို့ အထူးအလေးထားလိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ တရားမဝင်ကုန်သွယ်မှုများဖြစ်ပွားလာခဲ့ပါကလည်း အထက်ဌာန၏ညွှန်ကြားချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး၊ ခရိုင်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင် ဒုရဲမှူးကြီးကျော်မြသန်းက တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူဆောင်ရွက်မည့်ကိစ္စရပ်များကို ချပြရှင်းလင်းပြောကြားခြင်း၊ တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့အတွင်းရေးမှူး ဦးဇော်မင်းက ဟင်္သာတခရိုင်အတွင်း တရားမဝင်ကုန်ပစ္စည်းများအား သယ်ဆောင်မှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းကာ ဖမ်းဆီးအရေးယူဆောင်ရွက်နေမှုတို့ကိုရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် အရောင်းအဝယ်ပြုလုပ်နေသည့် ဆောင်ရွက်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကာ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတ၊ ဇလွန်နှင့် လေးမျက်နှာ မြို့နယ်များမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဆန်လုပ်ငန်းရှင်များ၊ ဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)