တောင်တွင်းကြီး အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ကျေးရွာချင်းဆက်တံတားအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူများက ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရေး ယမန်နေ့က ကွင်းဆင်းကြည့်ရှုတိုင်းတာခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်) မှ အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေး၊ ဒုတိယညွှန်ကြားရေးမှူးဦးအောင်ဇော်မင်း၊ မကွေးခရိုင်၊ ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေအောင်ဆန်းနှင့် တာဝန်ရှိသူများက တောင်တွင်းကြီးမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း၍ ချောင်းရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တောင်တွင်းကြီး-မကွေးကားလမ်းမှ မြင်းစုလမ်းပေါ်ရှိ အရှည် ၂၅၀ ပေ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားသော သံကူကွန်ကရစ်တံတားနေရာတွင် Submersible Bridge (၄၀၀) ပေ (၁) စင်း တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး အင်ဂျင်နီယာချုပ် ဦးကျော်ကျော်ထွေးမှ အသစ်တည်ဆောက်မည့် တံတားတည်နေရာအား ရွေးချယ်သတ်မှတ်ပေးခဲ့ပြီး Design အဖွဲ့မှ အင်ဂျင်နီယာများက RTK ဖြင့် တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ထွေးထံမှ သိရသည်။
နောင်နောင်(ဗိဿနိုးမြေ)