ဘိုကလေး အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာနလက်အောက်ရှိ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း၊ (၂၀၂၃) ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့မှ (၂၀၂၄) ခုနှစ် မတ်လ(၁၉)ရက်နေ့အထိ 2D ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တောင်သူများ၏လယ်ယာမြေများအား မလွှဲမရှောင်သာ ဖြတ်သန်းလုပ်ကိုင်ရသည့်အတွက် သီးနှံများ ပျက်စီးခဲ့သောကြောင့် တောင်သူများနစ်နာမှုမရှိစေရေး ယမန်ညနေ (၃) နာရီအချိန်တွင် ဘိုကလေးမြို့နယ်၊ စိန်ဟိုင်းကျေးရွာအုပ်စု၌ သီးနှံလျော်ကြေးပေးအပ်ပွဲ ကျင်းပဆောင်ရွက်သည်။
လျော်ကြေးပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မန်နေဂျာ၊ ဦးဝင်းမြင့်၊ ပျက်စီးခဲ့သည့် သီးနှံပိုင်ရှင်တောင်သူများ တက်ရောက်ကြပြီး သီးနှံပျက်စီးခဲ့သော ကျေးရွာအုပ်စု တောင်သူ (၁၁) အုပ်စုမှ တောင်သူ (၁၉၃) ဦး၏ ပျက်စီးဧက (၆) ဧကကျော်အတွက် သီးနှံလျော်ကြေးငွေ ကျပ်သိန်းပေါင်း (၁၈၂) သိန်းကျော် ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)