ဇလွန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး

ဇလွန် အောက်တိုဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ပွင့်လင်းရာသီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများ၌ မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်းကို ယနေ့နံနက် ၁၀နာရီတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးသစ်၊ ညောင်ပင်စျေးစျေး၊ ဒေါင့်ကြီးစျေးတို့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်လင်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရန်လင်းထွဋ်နှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြိုနယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မိမိတို့စျေးများတွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေးနှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရန် အသိပညာပေးဆောင်ရွက်ခဲ့ကြပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

ဝေယံ(ပြန်/ဆက်)