ကြံခင်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးပေါ့ဆမှုမရှိစေရေး၊ မီးလောင်မှုလျော့နည်းပပျောက်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးတွင် ပြည်သူများပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)ခွဲအချိန်က လမ်းမတော်လမ်းမကြီးနှင့် ရွှေတောင်စုမြို့ဝင်လမ်းဘေးရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ကြသည်။
အဆိုပါမြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ အတွင်းရေးမှူးရဲမှူး ကြည်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သောင်းထွဋ်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုနိုင်တို့က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် "လုပ်သားပြည်သူဝိုင်းဝန်းကူ ရန်သူမီးဘေးစဉ်ကင်းဝေး" ဆောင်ပုဒ်ပါ အသိပညာပေးမြေစိုက်ပိုစတာအား မင်္ဂလာအချိန်တွင်စိုက်ထူကာ အမွှေးနံ့သာရည်များဖြင့် ဖျန်းပက်ကြပြီးနောက် တက်ရောက်လာကြသော မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများဖြင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများ အသိပညာဗဟုသုတရရှိစေရန် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်းနှင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီးဖြစ်သဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုလျော့နည်းပပျောက်စေရေး၊ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့မဈေးနှင့် ရပ်ကွက်အတွင်းရှိ လမ်းများ၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်ထားရှိလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ အသိပညာပေးစစ်ဆေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)