ပွင့်ဖြူမြို့နယ်၌ ပြည်သူများ သား/ငါး ဝယ်ယူစားသုံးမှု အဆင်ပြေစေရန် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ အောက်တိုဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက်၊ အမဲ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ထိုသို့ ဒေသခံပြည်သူလူထု စားသောက်ရေးအဆင်ပြေစေရန်နှင့် သား/ငါးများဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် တစ်ပြေးညီဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာ ဈေး(၄)ခုတွင် ဖွင့်လှစ်ရောင်းချနေသည့် သား/ငါး ဈေးဆိုင်ခန်းများတွင်  ဈေးနှုန်းသတ်မှတ်ချက်များပါဝင်သည့် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ စနစ်တကျ ရောင်းချပေးနေကြောင်း သိရသည်။

အဆိုပါ စည်ပင်သာယာဈေးများတွင် သား/ငါးများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့က  မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဈေးကော်မတီဝင်များနှင့်အတူ ပွင့်ဖြူမြို့ဈေး၊ ရှောက်တောဈေးနှင့် ကုန်းဇောင်းဈေးသို့ သွားရောက်ပြီး (ဝက်၊ အမဲ၊ ဆိတ်) လိုင်စင်စီများမှ သား/ငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိ၊ အရိုး /အသား  အဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/မရှိနှင့် အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိတို့ကို ကြပ်မတ်စစ်ဆေးပြီး သတ်မှတ်ဈေးစည်းကမ်းများအတိုင်း စနစ်တကျရောင်းချသွားရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့နောက် ဝန်ထမ်းများပူးပေါင်းအဖွဲ့က စည်ပင်သာယာဈေးများအလိုက်(ဝက်၊ အမဲ၊ ဆိတ်) ရောင်းချနေသူများနှင့် ဈေးသူ/ဈေးသားများကို စားသုံးသူပြည်သူလူထု အစားအစာဘေးကင်းလုံခြုံရေးအတွက် ရောင်းချနေသည့် သား/ငါးများနှင့် ဟင်းသီးဟင်းရွက်များ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ်ဈေးရောင်းပြီးချိန်တိုင်း သန့်ရှင်းရေးမပြတ်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။   

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )