ကန့်ဘလူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

ကန့်ဘလူ အောက်တိုဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော ကန့်ဘလူမြို့နယ် ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားလုပ်ငန်းများမှာ ယခုအခါရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ လမ်း၊တံတားလုပ်ငန်းများကို ယခုနှစ် ဩဂုတ်လကစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းများမှာ အမှတ်(၁)ရပ်ကွက် ဦးမင်းကြီး (၁)လမ်း ကွန်ကရစ်ခင်းခြင်း၊ ဘက်စုံ(၄)လမ်း ကွန်ကရစ်ခင်းခြင်း၊ ဦးမင်းကြီး(၃)လမ်း ကွန်ကရစ်ခင်းခြင်း၊ အမှတ်(၅)ရပ်ကွက် နီလာလမ်းကွန်ကရစ်ခင်းခြင်း၊ ခွာညိုလမ်းနှင့်ခရေလမ်း Box Culvert (၁)စင်း တည်ဆောက်ခြင်း၊ မဟာဗန္ဓုလလမ်း၊ ကျွန်းရွှေဝါလမ်း၊ ဦးမင်းကြီး (၂)လမ်း၊ ဦးရာဇာတ်လမ်းနှင့် ညောင်အိုင်လမ်းတို့တွင် Box Culvert (၁) စင်းစီတို့ကို တည်ဆောက်ပြီးစီးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုးလွင်က ပြောကြားခဲ့သည်။

ကန့်ဘလူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် နှစ်စဥ် ဘဏ္ဍာနှစ်အလိုက် မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် မြို့ပြ/ကျေးလက် လမ်း၊ တံတား၊ ရေပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)