ပွင့်ဖြူ အောက်တိုဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဖူးစားပြောင်းသီးနှံ ၁၂၈၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်းသီးနှံ စိုက်ဧက ၁၃၁၉ ဧက စိုက်ပျိုးရန်လျာထားပြီး ဇွန်လ ပထမပတ်က စတင်စိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု ၂၃၁၆ ဧက စိုက်ပျိုးနိုင်ခဲ့ကာ ယနေ့တွင် ဖူးစားပြောင်းစိုက်ဧက ၁၂၈၉ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေရန်အတွက် ဖူးစားပြောင်းသီးနှံ ၁၃၁၉ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာမှာ မြေပြင်စိုက်ပျိုးနိုင်မှု ၂၃၁၆ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တောင်သူတွေကို လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေ၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ဖို့နဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းတွေကို စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက ကွင်းဆင်းကြီးကြပ်ပြီး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုဆိုရင် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးတဲ့ ဖူးစားပြောင်းစိုက်ခင်းများဟာ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး သိမ်းဆည်းချိန်ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဆောင်းသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက် ဩဂုတ်လ ဒုတိယပတ်က စတင်ရိတ်သိမ်းခဲ့ရာ ဒီနေ့ထိ ဖူးစားပြောင်း ၁၂၈၉ ဧက ရိတ်သိမ်းပြီးစီးသွားပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့က တစ်ဧကကို ပြောင်းဖူးအရေအတွက် (၁၄၃၀၂) ဖူး ထွက်ရှိပါတယ်။ ယခုနှစ်မှာ ဖူးစားပြောင်းသီးနှံ ဈေးကောင်းရရှိတဲ့အတွက် ဒေသခံတောင်သူတွေ လုပ်ငန်းအဆင်ပြေကြပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဖူးစားပြောင်းသီးနှံ စိုက်ပျိုးရေးကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့် ဖူးစားပြောင်းမျိုးမှာ ရိုးရိုးသံကြားပြောင်းနှင့် (အရပ်ခေါ်) ပန်ရွှေသံကြားပြောင်းမျိုးကို စိုက်ပျိုးကြကြောင်း၊ ယခုနှစ် မိုးရာသီတွင် ဖူးစားပြောင်း စိုက်ပျိုးခြင်းဖြင့် ပြောင်းဖူးရောင်းချရသည့်အပြင် ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ပြောင်းဖူးပင်များကိုလည်း ရောင်းချရ၍ နှစ်သီးစား ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)