ငါးသိုင်းချောင်း အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲက ကြီးမှူးကျင်းပသည့်ရှေးဦးပြုစုခြင်း(သာမန်)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ကြက်ခြေနီတိုင်းတပ်ဖွဲ့မှူး ဦးဝင်းမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သင်းတန်းတက်ရောက်လာကြသည့် ကြက်ခြေနီမောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်နှင့်မိမိ မိသားစု၊ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်သည့်ပညာများကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်သဖြင့် ကြိုးစားသင်ယူကြရန်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသင်တန်းအား အခြေခံ ရှေးဦးပြုစုခြင်းသင်တန်းတက်ရောက်ပြီးသည့် သင်တန်းသား၊ သင်တန်းသူ (၃၀) ဦးဖြင့် တစ်ဆင့်မြင့်သည့် ရှေးဦးပြုစုခြင်း(သာမန်)သင်တန်းဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလမှာ(၁၃.၁၀.၂၀၂၄) ရက်နေ့မှ(၁၇.၁၀.၂၀၂၄)ရက်နေ့ထိ (၅)ရက်ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)