ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၁၃

ပဲခူးမြို့၊ မြို့တော်ခန်းမ၌နေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက လူငယ်များသည် တိုင်းပြည်အနာဂတ်အတွက် အရေးကြီးပြီး ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းသော၊ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုင်းအဝန်း တစ်ရပ်ဖြစ်လာစေရန် အားထုတ်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်သည့် အကြောင်းအရင်းများကို စနစ်တကျဖြင့် ဝိုင်းဝန်းကိုင်တွယ်ဖြေရှင်းခြင်း၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ကာကွယ်ခြင်းတို့သည် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေနိုင်မှာဖြစ်ကြောင်း၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အဓိကလူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကလေးငယ်များ၊ မျိုးဆက်သစ်လူငယ်များကို လက်ရုံးရည်သာမက နှလုံးရည်မြင့်မားအောင်၊ သဘာဝဘေးအသိပညာနှင့် တုံ့ပြန်ဆောင်ရွက်ရေး စွမ်းရည်မြင့်မားအောင် လေ့ကျင့်မွေးထုတ်ကြရမှာဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် မညီမျှမှုများ၊ ကွာဟမှုများ၊ လျော့နည်းပပျောက်ပြီး သဘာဝဘေးဒဏ်ခံနိုင်စွမ်းမြင့်မားသည့် လူမှုပတ်ဝန်းကျင်နှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သော အခြေခံအဆောက်အအုံများဖြင့် မျှော်မှန်းထားသော သဘာဝဘေးထိခိုက်မှုလျော့ပါးရေးရည်မှန်းချက်ကို အောင်မြင်နိုင်မှာဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ရေမြေသဘာဝအရင်းအမြစ်အတွ့အကြုံပေါ် အခြေခံကာ ခေတ်နှင့်အညီ တိုးတက်နေသော နည်းပညာများဖြင့် မျက်ခြေမပြတ်လေ့လာအသုံးချနိုင်မှသာ ထိခိုက် ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်မှာဖြစ်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော လူမှုစီးပွားဘဝများကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် စာစီစာကုံး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ချီးမြှင့်ပေးခဲ့သည်။ ၎င်းနောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် UNDRR အကြီးအကဲ Mr. Karmal Kishore သဝဏ်လွှာသတင်းစကားရုံးသံအား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် သဘာဝဘေးလျော့ပါးရေး လှုပ်ရှားမှုမှတ်တမ်း၊ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အသိပညာပေးတေးသရုပ်ဖော်တို့အား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရကျောင်းသူ/သားများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)