ငါးသိုင်းချောင်းမြို့တွင်ကြက်ခြေနီလူငယ်ကော်မတီတွေ့ဆုံစည်းဝေးပွဲကျင်းပ

ငါးသိုင်းချောင်း အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့တွင် ကြက်ခြေနီလူငယ်ကော်မတီတွေ့ဆုံစည်းဝေးပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံစည်းဝေးပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမောင်မောင်အေးက အဖွင့်အမှာစကားပြောကြားပြီး ငါးသိုင်းချောင်းမြို့ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးအောင်စိုးမြင့်က အသင်း၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲလူငယ်ကော်မတီ၊ လူငယ်ခေါင်းဆောင်ကိုမျိုးမင်းခန့်မှ တွေ့ဆုံပွဲရည်ရွယ်ချက်နှင့် လူငယ်ဆိုင်ရာမူဝါဒများကိုလည်းကောင်း၊ ငါးသိုင်းချောင်းမြို့ကြက်ခြေနီအသင်းခွဲငယ်လူငယ်ကော်မတီ၊ လူငယ်ခေါင်းဆောင်ကိုစိုးအောင်ကျော်မှ လူငယ်ကော်မတီ၏တာဝန်ဝတ္တရားများနှင့် လူငယ်မူဝါဒအကောင်အထည်ဖော်ခြင်းအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းနောက် တက်ရောက်လာကြသည့် ကြက်ခြေနီလူငယ်မောင်မယ်များမှ အချင်းချင်းမိတ်ဆက်ကာသိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)