ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာအသစ်(၂၃)ဦး ထပ်မံတွေ့ရှိ

ဝေါ နိုဝင်ဘာ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ်(၂၃)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် ပြည်သူ့ဆေးရုံမှ နိုဝင်ဘာ ၂၂ ရက်နေ့တွင် လူနာ(၂၇၀)ဦးတို့၏ နှာခေါင်း၊ အာခေါင်တို့ပတ်ယူ၍ စစ်ဆေးခဲ့ပြီး ယမန်နေ့က ကိုဗစ်-၁၉ အတည်ပြုလူနာ(၂၃)ဦး တွေ့ရှိခဲ့ရာ ဝေါမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ထားရှိပြီး ဆေးကုသဆောင်ရွက်ပေးနေကြောင်း သိရသည်။

ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ယမန်နေ့အထိ ပိုးတွေ့သူ စုစုပေါင်း(၂၉၃)ဦးရှိရာ ဝေါမြို့ပေါ်မှ(၁၇၀)ဦးနှင့် ကျေးရွာများမှ(၁၂၃)ဦးဖြစ်ပြီး ဆေးရုံဆင်းသူ(၁၇၅)ဦး၊ သေဆုံးသူ(၁)ဦး (ရောဂါခံရှိ)ရှိကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)